ဟန့်တားနေ

February 5, 2020

ကိုရိုနာဗိုင်းရပ်စ် သတင်းအချက်အလက်မရအောင် တရုတ်အစိုးရက ဟန့်တားနေဟု ထိုင်ဝမ် ဝေဖန် 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ရဲ့ အစည်းအဝေးတွေကနေ အပယ်ခံရတဲ့အပေါ် ထိုင်ဝမ် အစိုးရက  တရုတ်အစိုးရကို ဖေဖော်ဝါရီ ၄ ရက်မှာ ပြစ်တင်ဝေဖန် ပြောကြားလိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်နေချိန်မှာ သတင်းအချက်အလက်တွေကို အချိန်နဲ့ တပြေးညီ မရအောင် တရုတ်အစိုးရက ဟန့်တားနေတယ်၊ ယုတ်မာတယ်လို့ ထိုင်ဝမ်က ပြောလိုက်တာပါ။ တရုတ်အစိုးရရဲ့ ကန့်ကွက်မှုကြောင့် ထိုင်ဝမ်ဟာ WHO ရဲ့ အဖွဲ့ဝင် ဖြစ်မလာခဲ့ပါဘူး။ ထိုင်ဝမ်ဟာ တရုတ်ရဲ့ သင်းကွဲပြည်နယ်တခုသာ ဖြစ်တယ်။ WHO မှာ တရုတ်ပြည်မကြီး အစိုးရက ကိုယ်စားပြုရင် လုံလောက်တယ်လို့ တရုတ်က ပြောခဲ့တာပါ။ ထိုင်ဝမ်ကတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အစိတ်အပိုင်း ဘယ်တုန်းကမှ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။  တရုတ်အစိုးရက ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ သတင်းအပြည့်အစုံကို ထိုင်ဝမ်နဲ့ မျှဝေခဲ့တယ် ကူးစက်မှုနဲ့ ပတ်သက်ပြီး နှစ်ဖက်ဆက်ဆံရေး ချောမွေ့တယ်လို့ ဖေဖော်ဝါရီ ၃ ရက်မှာ WHO ကို ပြောပါတယ်။ ဒါပေမဲ့ ထိုင်ဝမ် ရရှိတဲ့ သတင်းအချက်အလက်က အလွန်အကန့်အသတ်များတယ်။ အချိန်မီနည်းလမ်းနဲ့ သတင်းအချက်အလက်တွေ မရနိုင်ခဲ့ဘူးလို့ ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရက ပြောပါတယ်။ ဒါပေမဲ့ ပူးပေါင်းဆောင်ရွက်မှု လက္ခဏာအရ တရုတ်ပြည်မကြီး အစိုးရဟာ ဝူဟန်မြို့တွင်း ပိတ်မိနေတဲ့ ထိုင်ဝမ်သား ခန့်မှန်းခြေ အယောက် ၅၀၀ ‌လောက်ထဲက ပထမအသုတ်ကို အိမ်ပြန်ဖို့ ခွင့်ပြုခဲ့ပါတယ်။ ထိုင်ပေမြို့ နိုင်ငံတကာလေဆိပ်ဆီ ဖေဖော်ဝါရီ ၃ ရက်နေ့က ထိုင်ဝမ်သား ၂၄၇ ယောက် ပြန်ရောက်လာပြီလို့ ထိုင်ဝမ်ရဲ့ ပြည်မကြီးရေးရာကောင်စီက ပြောပါတယ်။  ဖေဖော်ဝါရီ ၅ ရက် မနက် ၈ နာရီခွဲလောက်အထိ ရထားတဲ့ သတင်းအချက်အလက်အရ ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ခံရတဲ့ လူစုစုပေါင်း ၂၄၅၄၉ ဦးရှိပြီး သေဆုံးသူ  ၄၉၂ ဦး ပြီးပါပြီ။ ကူးစက်ခံ အယောက် ၇၃၀ ကတော့ နေပြန်ကောင်းပြီမို့ ဆေးရုံက ဆင်းနိုင်ခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ နိုင်ငံအသစ်အဖြစ် ဘယ်လ်ဂျီယံနိုင်ငံမှာ ကူးစက်ခံ တယောက် တွေ့ထားပါတယ်။
1 year Ago
Up