ဟဇ်ဘိုလာဟာ ပစ်မှတ်တွေကို အတိအကျ ချိန်ပစ်နိုင်တဲ့ ဒုံးကျည်စက်ရုံတွေ ပိတ်သိမ်းလိုက်ပေမယ့် နယ်စပ်ဖြတ်ကျော် ဥမင်လိုဏ်ခေါင်း ကွန်ရက်တခုနဲ့ လက်ဘနွန်ကို အန္တရာယ်ပြုနိုင်တယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဒီဇင်ဘာ ၁၉ ရက်မှာ ပြောလိုက်ပါတယ်။
အဲဒီ ဥမင်လိုဏ်ခေါင်းတွေဟာ စစ်ရေးလုပ်ဆောင်ချက်တရပ် ဖြစ်တယ်လို့ သူက ယူဆထားပါတယ်။
ဝန်ကြီးချုပ် အလေးထားပြောဆိုနေတာဟာ ဒီလထဲမှာ တွေ့ရှိခဲ့တဲ့ ဥမင်လိုဏ်ခေါင်းလေးခု ဖြစ်ပါတယ်။ အဲဒါတွေရှိနေတာကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တွေကလည်း အတည်ပြုပါတယ်။
အဲဒီ ဥမင်လိုဏ်ခေါင်းတွေကို အစ္စရေးမြောက်ပိုင်း ရွာတွေကို ကျူးကျော်ဖို့အတွက် အသုံးပြုလိမ့်မယ်လို့ အစ္စရေးက ဆိုပါတယ်။
ဟဇ်ဘိုလာကတော့ ဥမင်လိုဏ်ခေါင်းတွေနဲ့ ပတ်သက်ပြီး မှတ်ချက်တစုံတရာ မပေးပါဘူး။
လက်ဘနွန်ကတော့ ၂၀၀၆ စစ်ပွဲကို အဆုံးသတ်စေခဲ့တဲ့ ကုလသမဂ္ဂ ကတိကဝတ်ကို အပြည့်အဝ ကြိုးပမ်းဖော်ဆောင်နေတယ်လို့ လက်ဘနွန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
လက်ဘနွန်ဘက်ခြမ်း နယ်စပ်မှာတော့ စက်မှုပိုင်းဆိုင်ရာ လုပ်ဆောင်မှုတွေ မတွေ့ရသေးဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။
ဟဇ်ဘိုလာအနေနဲ့ အစ္စရေး အရပ်သား အခြေခံအဆောက်အအုံတွေကို ထိခိုက်စေမယ့် ပစ်မှတ်ကို အတိအကျထိမှန်စေတဲ့ ဒုံးကျည်မျိုးတွေကို ပြည်တွင်းမှာ ထုတ်လုပ်နိုင်အောင် ကြံဆောင်နေတယ်လို့ အမေရိကန်နဲ့ အစ္စရေးတို့က ယုံကြည်ထားပါတယ်။
4 years Ago