ဟစ်တလာ

July 26, 2021

အာဏာရှင်အောက် ပျောက်ဆုံးသွားတဲ့ ပရော်ဖက်ရှင်နယ်များ

(၁)

Hans Frank

ဒုတိယကမ္ဘာစစ်ကြီးမဖြစ်ခင် Hans Frank ဆိုတဲ့ပုဂ္ဂိုလ်ဟာ ဟစ်တလာ အားကိုးရတဲ့ ရှေ့နေပါ။ ၁၉၃၉ မှာ ပိုလန်ကို ဂျာမဏီကျူးကျော်သိမ်းပိုက်လိုက်တဲ့နောက်  ဖရန့်ခ်ဟာ ပိုလန်ရဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရာထူးရတယ်။ သူ့အုပ်ချုပ်မှုအောက်မှာ ပိုလန်နိုင်ငံသားတွေနဲ့ ဂျူးသန်းပေါင်းများစွာ အသတ်ခံရတယ်။ တစ်ခါတော့ ဖရန့် ဝါကြွားပုံက “သတ်ပစ်လိုက်တဲ့ လူတွေအားလုံးကို ပိုစတာကြော်ငြာချိတ်ပေးဖို့ သစ်ပင်တွေတောင် မလုံလောက်ဘူး” ဆိုပဲ။ နောက် သူက “ဥပဒဆိုတာ ဂျာမန်လူမျိုးရေးအတွက် ကူညီဖို့ပဲ၊ ကိုယ့်လူမျိုးကို ကောင်းကျိုးပြုတာကို ဥပဒေလို့ ခေါ်တာပဲ”။ အဲဒီလို ဟစ်တလာနဲ့ ဟန်းဖရန့်ခ် တို့နှစ်ဦး အရူးထတဲ့နောက် တခြားဂျာမန်ရှေ့နေတွေလည်း ဥပဒေတွေ အမိန့်တွေဆိုတာ ဂျာမန်လူမျိုးကြီးဖြစ်စေဖို့နဲ့ အခြားလူမျိုးတွေကို သိမ်းပိုက်ဖျက်ဆီးဖို့ဆိုတာ ယုံပြီး ပါလာကြပါတယ်။ နည်းနည်းပါးပါး ဟန့်တားမဲ့ရှေ့နေတောင် မရှိခဲ့ဘူး။ 

(Arthur Seyss- Inquart

ဩစတြီးယားနိုင်ငံကို သိမ်းပိုက်ပြီးတော့လည်း အာသာ ဆီ အင်ကွက်တ် (Arthur Seyss- Inquart) ဆိုတဲ့ ဩစတြီးယားရှေ့နေ့ကို ဟစ်တာလာက ရွေးချယ်ပြီး နန်းရင်းဝန်ခန့်တယ်။ နယ်သာလန်ကိုသိမ်းပြီးတော့လည်း သူ့ကိုပဲ တာဝန်ပေးတယ်။ အလားတူ လက်သံပြင်းတဲ့ ဂျာမန်အထူးတပ်ဖွဲ့တွေရဲ့ တပ်မှူးအတော်များများဟာ ရှေ့နေတွေ ဖြစ်နေတယ်။ သူတို့က ဂျူးတွေ၊ ဂျစ်ပ်စီတွေ၊ ပိုလန်လူကုံထံတွေ၊ ကွန်မြူနစ်တွေ၊ မသန်စွမ်းတွေစတဲ့ လူတွေသန်းချီ အစုလိုက်အပြုံလိုက် သတ်ပစ်ဖို့ အမိန့်ပေးခဲ့တာပါပဲ။ 

ရှေ့နေတွေက တရားရုံးကိုမတင်ဘဲ သတ်ဖြတ်ရာမှာ ပျော်မွေ့သွားသလို၊ ဂျာမန်သမားတော်တွေကလည်း လူသတ်စခန်းတွေမှာ ဂျူးတွေကို အမျိုးမျိုးစမ်းသပ် ခုတ်ဖြတ်ထစ် ဆေးပညာစူးစမ်းမှုလုပ်တယ်။ ဌာနဆိုင်ရာ ဗျူရိုကရက်တွေကလည်း ဖမ်းဆီးသတ်ဖြတ်တဲ့စာရင်းတွေနဲ့ လုံးနေရတာကိုပဲ ကြီးလေးတဲ့မဟာတာဝန်တွေ ထမ်းဆောင်နေရပုံမျိုး။ ဂျာမန်စီးပွားရေးသမားတွေလည်း လူသတ်စခန်းတွေနဲ့ပေါင်း အကျဉ်းသားတွေကို လုပ်အားခပေးစရာမလိုဘဲ ကျေးကျွန်ပြုလိုက်ရတာကို အားရနေတယ်။

တကယ်တော့ အဲဒီလို ရှေ့နေ၊ သမားတော်စတဲ့ နယ်ပယ်စုံက ပရောဖက်ရှယ်နယ်တွေသာ စိတ်လိုလက်ရ မပါခဲ့ မပူးပေါင်းခဲ့ရင်၊ နာဇီအစိုးရအနေနဲ့ ကြောက်မယ်ဖွယ် လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်ဖို့ ခက်ခဲလိမ့်မယ်လို့ နောက်ပိုင်းသမိုင်းဆရာတွေ သုံးသပ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ယေးလ်တက္ကသိုလ်သမိုင်းပါမောက္ခ Timothy Snyder  ပြောတာက ‘ဥပဒေသမားတွေမပါဘဲနဲ့ တရားဥပဒေစိုးမိုးနေတဲ့ နိုင်ငံတစ်ခုကို ဖျက်ဖို့ခက်ခဲတယ်။ တရားသူကြီးတွေမပါဘဲ မတရားတဲ့အမိန့်တွေ စီရင်ချက်တွေ ချဖို့ခက်ခဲတယ်။’ သူဆိုလိုတာက တရားဥပဒေ ဘက်တော်သားတွေ အာဏာရှင်နဲ့ပေါင်းသွားတဲ့အခါမှာ နိုင်ငံပျက်စီးဖို့နဲ့ ရက်စက်ယုတ်မာမှုတွေ ပိုကျူးလွန်ဖို့ သိပ်လွယ်သွားတယ် ဆိုတာပါပဲ။ 

(၂)

ဒီနေရာမှာ ဆက်စပ်တွေးမိတာက  မြန်မာရှေ့နေတွေကတော့ အာဏာရှင်ဘက်ကို ယိုင်းယိုင်သူတွေရှိသလို၊ အသက်စွန့်ဆန့်ကျင်သူတွေလည်း ရှိပါတယ်။ သို့သော်  တရားသူကြီးတွေနဲ့ ဥပဒေအရာရှိတွေဟာ တက်လာတဲ့ အာဏာရှင်က မပင့်လိုက်ရဘဲ အလိုလိုပါသွားကြတာ များပါတယ်။ အခု CDM လှုပ်ရှားမှုတွေမှာလည်း တရားရေးဌာနက ပါဝင်မှု အနည်းဆုံးဌာနတစ်ခုဖြစ်တာ တွေ့ရမှာပါ။ တရားသူကြီးတွေဟာ စစ်အာဏာရှင် အလိုကျ ဆန့်ကျင်သူတွေကို စီရင်ချက်ချ ထောင်ချဖို့ ထိုင်စောင့်နေသလိုပါပဲ။ ဒါကလည်း ဆယ်စုနှစ်များစွာ လွတ်လပ်တဲ့တရားရေးစနစ် အမှောင်ကျခဲ့ရတဲ့ အကျိုးဆက်ပါပဲ။

မြန်မာတရားရေးစနစ်ပတ်သက်လို့ ၂၀၁၂ ယေးလ်တက္ကသိုလ်မှာ ဒေါ်အောင်ဆန်းစုကြည် တရားဥပဒေစိုးမိုးရေး အကြောင်းအရာ ဟောပြောချက်ကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ သူပြောသွားတဲ့အထဲက တချို့က..

“….. စစ်အုပ်ချုပ်ရေးအောက်မှာ တရားရေးဌာနဟာ အစိုးရတွင်းအုပ်ချုပ်သူများလက်အောက်ကို လုံးဝ ကျရောက်နေခဲ့တယ်။ မြန်မာပြည်မှာ ဥပဒေဆိုတာ အာဏာရှိသူတွေအတွက် အလုပ်လုပ်ပေးတာ။ ဥပဒေဆိုတာ အာဏာရှိသူတွေအတွက်သာဖြစ်ပြီး ပြည်သူတွေကို ကာကွယ်ဖို့မဟုတ်ဘူး။ ပြည်သူတွေရဲ့ ဒီမိုကရေစီအခွင့်အရေးတွေကို ကာကွယ်ပေးဖို့ ရှိမနေဘူး။ စစ်အစိုးရကလည်း ဒီမိုကရေစီအခွင့်အရေးတွေ ဆိုတာကို ယုံကြည်တာမှ မဟုတ်ဘဲလေ။ စစ်အစိုးရအောက်မှာ တရားရေးမဏ္ဍိုင်က စိစိညက်ညက်ကြေအောင် အလုပ်ခံခဲ့ရတယ်..”

“…. အာဏာပိုင်တွေဟာ သူတို့နိုင်ငံရေးအမြတ်အတွက် ဥပဒေကို မှောက်လိုက်လှန်လိုက် လုပ်လို့ရနေတယ်။ ဒါက တရားဥပဒေစိုးမိုးမှု မဟုတ်ပါဘူး။ တရားရေးဘက်မှာ လုံလောက်တဲ့ပြောင်းလဲမှု မရှိရင်၊ စစ်မှန်တဲ့ ဒီမိုကရေစီပြောင်းလဲမှုလို့ ယုံလိုရမှာ မဟုတ်ပါဘူး။ လောလောဆယ် ကျမတို့မှာ တရားရေးမဏ္ဍိုင်ဆိုတာ ရှိကို မရှိတာပါ။ ကျွန်မတို့မှာ သန့်ရှင်းတဲ့ အားကောင်းတဲ့ လွတ်လပ်တဲ့ တရားရေးမဏ္ဍိုင် မရှိသေးသရွေ့ကတော့ မြန်မာပြည်ဟာ ဒီမိုကရေစီလမ်းကြောင်းပေါ် မရောက်သေးပါဘူး..”  

“…ဒါကိုပြောရတဲ့ အကြောင်းကတော့ မြန်မာပြည် ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်မရောက် ဘယ်တော့ သိရမလဲလို့ လူတွေက ကျမကို မကြာခဏ မေးကြလွန်းလို့ပါ။ ကျမကလည်း နောက်ကြောင်းပြန်မလှည့်တဲ့ ဖြစ်စဉ် (Irreversible process) ဆိုတာမျိုး မရှိပါဘူးလို့ပဲ ပြန်ဖြေလေ့ရှိတယ်။ ဘာကြောင့်လဲဆိုတော့ ၁၉၆၂ မှာ အာဏာသိမ်းစဉ်တုန်းကလည်း ကျမတို့နိုင်ငံဟာ ဒီမိုကရေစီကို ကျင့်သုံးနေတဲ့နိုင်ငံပါ။ ဥပဒေစိုးမိုးမှု တိုင်းပြည်တွင်းမှာ ရှိလာပြီလို့ ပြောလာနိုင်တဲ့တစ်နေ့ကျရင် ဒီမိုကရေစီလမ်းစဉ်ဟာလည်း အောင်မြင်ပြီလို့ ပြောလို့ရမှာ ဖြစ်တယ်။ အဲဒီမရောက်သေးသရွေ့တော့ ဒီမိုကရေစီ အောင်မြင်ပြီလို့ ပြောလို့ မရနိုင်သေးပါဘူး..”  

“… ဒီတော့ နောက်ကြောင်းပြန်မလှည့်တော့ဘူးလို့ ဘယ်တော့မှ ပြောလို့ရမှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ လူတိုင်း အသိအမှတ်ပြု ဝန်ခံရမယ့်အချိန်တစ်ချိန်တော့ ရောက်ကို ရောက်လာမှာပါ။ အဲဒါကတော့ ဒီမိုကရေစီလမ်းကို နောက်ကြောင်းပြန်လှည့်တာဟာ ရှေ့ဆက်သွားတာထက် များစွာအကျိုးယုတ်စေတယ်၊ ဆုံးရှုံးစေတယ်လို့ အားလုံး အသိအမှတ်ပြု ဝန်ခံတဲ့အချိန်ပါပဲ…”

နောက် ကျောင်းသားတစ်ယောက်က မြန်မာပြည်မှာ ဥပဒေစိုးမိုးမှုမရှိတာဟာ ဥပဒေရေးရာ ကျွမ်းကျင်တဲ့ ပညာရှင်တွေ ရှေ့နေတွေ တရားသူကြီးတွေ မရှိလို့။ ဒါကြောင့် လွတ်လပ်မျှတတဲ့ တရားရေးမဏ္ဍိုင် ပြန်တည်ဆောက်ယူဖို့ အကောင်းဆုံးနည်းလမ်းက တရားသူကြီးလောင်းလျာတွေကို သူတို့တက္ကသိုလ်နဲ့ပေါင်း သင်ကြားပေးဖို့ ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ပူးပေါင်းဆောင်ရွက်ဖို့ အကူညီပေးကြဖို့တွေ ပြောပါတယ်။ သို့သော် ရယ်စရာထည့်ပြောလိုက်တာက မြန်မာပြည်မှာ အာဏာရှင်စနစ်ကို ကူညီပေးခဲ့တာ အဲဒီယေးလ်တက္ကသိုလ်ထွက် ဥပဒေပညာရှင်တွေပါတဲ့.” တဲ့။  

         (၃)

ဒီဆောင်းပါးမှာ ပြောလိုတာက ကမ္ဘာ့မည်သည့်နိုင်ငံမှာမဆို တရားရေးနယ်ပယ်က ပုဂ္ဂိုလ်တွေတင်မကဘဲ နယ်ပယ်တိုင်းက တတ်သိပညာရှင်တွေဟာ သူတို့ ပရော်ဖက်ရှင်နယ်ကျင့်ဝတ်ကို လွယ်လွယ်စွန့်ပစ်ပြီး အာဏာရှင်ဘက်ကို ကူးပြောင်းသွားတဲ့အခါမှာ လူထုတွေ  ဒုက္ခငရဲကြုံတွေ့ရဖို့ ပိုမြန်သွားတယ် ဆိုတာပါပဲ။ 

ဒေါက်တာမောင်မောင်

ရှေ့နေတွေက ဟစ်တလာကို အားရပါးရ ထောက်ခံ ကူညီလိုက်တဲ့အခါ ဖက်ဆစ်ယန္တရား ပိုစနစ်ကျသွားပြီး ကမ္ဘာ့သမိုင်းမှာ အကြီးမားဆုံး ကြောက်မယ်ဖွယ် လူမျိုးတုံးသတ်ဖြတ်မှုတွေ ဖြစ်ခဲ့ရတယ်။ ယေးလ်တက္ကသိုလ် ထွက် ဥပဒေပညာရှင်ဒေါက်တာမောင်မောင်က လွတ်လပ်တဲ့တရားစီရင်ရေးစနစ်ကို မဖက်တွယ်ဘဲ အာဏာရှင် ဦးနေဝင်းရဲ့ မဆလယန္တရားရဲ့ဒေါက်တိုင် လုပ်ပေးခဲ့တယ်။ ဦးအောင်တိုး၊  ဒေါက်တာတင်အောင်အေး တို့လို့ ဥပဒေသမားတွေက ၂၀၀၈ ခြေဥကို ကူညီခဲ့တယ်။ ကိုယ့်ပညာရပ်ကျင့်ဝတ်ကို ပစ်ပြီး အာဏာရှင်ကို အလုပ်အကျွေးပြုကြတာ မြန်မာသမိုင်းမှာ အများကြီးပါပဲ။ အခု စကစကို ပေါ်တင်မရှက်မကြောက် ကူညီရတာ ကျေနပ်နေတဲ့ ပညာရှင်တစ်ပိုင်းကြောင်တွေ ရှိသလို၊ နောက်ကွယ်က သပ်လျှိုကူညီသူတွေလည်း များသားပါပဲ။

ဦးအောင်တိုး

ဒီနေ့အခါ ပြည်သူတွေ သတိထားဖို့အကောင်းဆုံးအုပ်စုက ဟားဗတ်၊ ရှီကာဂို၊ ကင်းဘရစ်ချ်၊ လန်ဒန်စကူး စတဲ့ တက္ကသိုလ်ဆင်း ပညာတတ်ဆိုသူ အချို့ပါ။ သူတို့မှာ ပြည်သူတွေထက် ပိုပြောတတ်ဆိုတတ် လူရည်လည်တဲ့ အတတ်ပညာတွေ ပါလာပေမဲ့၊ ဒေါက်တာမောင်မောင် တို့လိုပဲ ပညာရပ်ဆိုင်ရာပရော်ဖက်ရှင်နယ်ကျင့်ဝတ်နဲ့  ဒီမိုကရေစီအသိစိတ် ပါမလာခဲ့ပါဘူး။ ဒီမိုကရေစီအသိစိတ် (democratic conscience) ဆိုတာ ကြီးကြီးကျယ်ကျယ် မဟုတ်ပါ။ အများအသိအမှတ်ပြုတဲ့ ရွေးကောက်ပွဲရလဒ်တစ်ခုကိုမှ လက်ခံလိုစိတ်မရှိရင် ဒီမိုကရေစီ အခြေခံအသိစိတ်တောင် မရှိဘူးလို့ပဲ ဆိုရပါမယ်။ သာမန်ပြည်သူအများစုမှာ အဲဒီအသိစိတ် မွေးရာပါရှိပေမဲ့  ထိုပညာယှိတို့မှာ နတ္ထိပါပဲ။ 

ပရော်ဖက်ရှင်နယ်ကျင့်ဝတ်နဲ့ ဒီမိုကရေစီအသိစိတ်တွေ မရှိတဲ့အခါ ပညာတတ်ဆိုသူဟာ ကိုယ့်ဝိညာဥ်ကို လွယ်လွယ်ရောင်း အာဏာရှင်နဲ့ပေါင်းပြီး ပြည်သူကို ဒုက္ခမျိုးစုံပေးဖို့ တက်ကြွနေတော့တာပါပဲ။ အာဏာသိမ်းဖို့ စကားလမ်းကြောင်းပြ လက်တို့ကြတာပါပဲ။ ဒေါက်တာမောင်မောင်တို့ထက် ပိုသာတာက ထိုပုဂ္ဂိုလ်တွေက နိုင်ငံတကာက မြန်မာအရေးကူညီပေးတဲ့ ငွေကြေးတွေ စီးထားနိုင်တာပါ။ ပြည်သူတွေကို ကူညီဟန်ပြပြီး တပ်နဲ့ ဒိုနာကြား နှစ်သီးစားပါ။ အနောက်အေးဂျင့်တွေကလည်း လက်သင့်ရာစားတော်ခေါ် ကိုယ်မွေးထားတာ ဘာမျောက်မှန်းမသိ ဆိုသလို။

(၄)

ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့ မီးရထား၊ ကျန်းမာရေး၊ ပညာရေး စတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ ပညာရှင်တွေ စစ်အာဏာရှင်ကို လုံးဝလက်မခံဘဲ CDM လုပ်ခဲ့ကြပါတယ်။ သူတို့ဟာ သူတို့ဌာန သူတို့ပရော်ဖက်ရှင်နယ် အလုပ်ကို တန်ဖိုးထား ရိုသေသူတွေပါပဲ။ စစ်တပ်က စစ်တပ်ရဲ့ပရော်ဖက်ရှင်နယ် နယ်ပယ်ထဲမနေဘဲ မဆိုင်တဲ့ အရပ်ဘက်နိုင်ငံရေး၊ အုပ်ချုပ်ရေးထဲ အဆုံးစွန် ကျူးကျော်လာတာ လက်မခံနိုင်ကြသူတွေပါ။ ကိုယ့်အလုပ်ကို တန်ဖိုးထားသူတွေ ပရော်ဖက်ရှင်နယ်ကျင့်ဝတ်ရှိဖြစ်တော့ စစ်တပ်စွက်ဖက် အနိုင်ကျင့်မှုအောက်မှာ ဆက်လုပ်လို့ မရမှန်းသိတယ်။ စစ်တပ်အောက်မှာ ဘယ်အလုပ်မဆို ရလဒ်ကောင်းမထွက်နိုင်တာ၊ ပြည်သူကို ဒုက္ခရောက်စေမှာ သူတို့ အသိဆုံးဖြစ်တယ်။ ဝမ်းနည်းစွာပဲ သူတို့ချစ်တဲ့ဌာနတွေကို ခွဲခွါနေကြရတယ်။ 

ကိုဗစ်ကြောင့် အခု ပြည်သူတွေ မြင်မကောင်းအောင် ဒုက္ခရောက်နေချိန်မှာ CDM ဆရာဝန်တွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေ ဘယ်လောက် စိတ်မကောင်းဖြစ်ကြမလဲ။ သူတို့လုပ်ငန်းခွင်တွေပြန်ပြီး ပြည်သူတွေကို ကူညီချင်နေမှာပါပဲ။ သို့သော် စစ်ကောင်စီရဲ့အုပ်ချုပ်မှု စစ်တပ်ရဲ့ပရော်ဖက်ရှင်မဖြစ်မှု (တပ်နေရာ တပ်မနေမှု) အောက်မှာ သူတို့ချစ်တဲ့အလုပ်တွေ ပြန်လုပ်ဖို့မဖြစ်နိုင်တာ သူတို့ အသိဆုံးပါပဲ။ 

နောက်ဆုံး အာဏာရှင်အောက်မှာ ပရော်ဖက်ရှင်နစ်ဖြစ်မှုကို ဘယ်လိုကာကွယ်ကြမလဲ။ ပါမောက္ခ Timothy Snyder  က ဖိအားများလာတဲ့အခါ တစ်ဦးချင်းကာကွယ်ဖို့ ခက်မှာပါတဲ့။ နယ်ပယ်တိုင်းက ပရော်ဖက်ရှင်နယ် ဖြစ်သူတွေဟာ မိမိတို့အလုပ်တွေ ကျင့်ဝတ်စံနှုန်းတွေ ဘုံအကျိုးစီးပွားတွေ ဖျက်ဆီးမခံရအောင် အုပ်စုဖွဲ့ ကာကွယ်တာ အကောင်းဆုံးပါ။ တစ်ဦးနဲ့တစ်ဦး လေးစားဖေးမကူညီရင်း အာဏာရှင်ပေးတဲ့အမိန့်တွေကို စုပေါင်းပြီး ကာကွယ်ကြဖို့ အကြံပြုပါတယ်။ 

ရဲမြင့်ကျော်

ရည်ညွှန်း -

On Tyranny by Timothy Snyder

Yale University: The Chubb Lecture; Daw Aung San Suu Kyi

4 months Ago
Up