ဟစ်တိုင်

August 21, 2018

ကျိုက္ကဆံ၊ ဟိုက်ပါ့ခ်နဲ့ ဘုရင့် ဟစ်တိုင် (သုတကဖေး)

ဟစ်တိုင်ဆိုတာ မြန်မာမှာသာမက ကမ္ဘာမှာလည်း ရှိခဲ့ကြပါတယ်။ အမေရိကန်မှာဆိုလည်း အိမ်ဖြူတော်ရှေ့မှာ စုဝေးခွင့်၊ ဆန္ဒထုတ်ဖော်ခွင့် ဟစ်တိုင်ရှိတယ်။ ဘယ်နိုင်ငံမှာမဆို ဟစ်တိုင်ကို လူစည်ကားရာနေရာ ပန်းခြံတွေ၊ လူအများမြင်သာတဲ့ နေရာတွေမှာ ထားပေးခဲ့ကြတာ။ လွှတ်တော်အဆောက်အုံရှေ့လို နေရာ၊ မြို့တော်ခန်းမရှေ့လို နေရာမျိုးတွေဟာ အသင့်တော်ဆုံးပါပဲ။ ဗမာဘုရင်တွေခေတ်ကတောင် ဟစ်တိုင်ကို နန်းတော်အပြင်မှာ ထားတာမဟုတ်ဘူး။ နန်းတော်ထဲမှာ ထားတာ။ ဒါမှလည်း ပြည်သူ့အသံကို ဘုရင်ကြားသိရမှာပေါ့။ မြန်မာအဘိဓာန်ရဲ့ ဖွင့်ဆိုချက်ကိုကြည့်… “ပြည်သူတို့က ဘုရင်အား လျှောက်တင်လိုရာကို လာရောက်ကြွေးကြော်ရန် သတ်မှတ်ပေးသောနေရာ…" တဲ့။ ဒီဖွင့်ဆိုချက်ဟာ ပြည့်စုံမှုရှိမရှိကိုတော့ မပြောလိုဘူး။ ဒါပေမယ့် မြန်မာဘုရင်ခေတ်က ဟစ်တိုင်အကြောင်းတော့ အနည်းငယ်ပြောမှ သင့်မယ်ထင်တယ်။ ဘုရင်တွေခေတ်က ဟစ်တိုင်ဟာ ဇာတ်ပွဲထဲကလို နန်းမြို့ပြင်ကနေ “ကယ်တော်မူပါဘုရား” လို့ ဟစ်အော် ကြွေးကြော်ရတာမျိုး မဟုတ်ဘူး။ ဇာတ်ကတာနဲ့ တခြားစီ။ ဟစ်တိုင်ထားတဲ့နေရာက ဘုရင်ထွက်လာရင် မြင်နိုင်မယ့်၊ ကြားနိုင်မယ့်နေရာ ဖြစ်ရတယ်။ အများဆုံးကတော့ မှန်နန်းဆောင်ရဲ့ အဝင်လှေကားရှေ့က မြက်ခင်းပြင်နားမှာ ထားလေ့ရှိတယ်။ အမြင့်ကတော့ အဲဒီခေတ်က လူတွေရဲ့ အရပ်တရပ်သာသာလောက် ရှိတယ်ဆိုတော့ အများဆုံးရှိ ၇ ပေနဲ့ ၈ ပေလောက်ပေါ့။ လုံးပတ်က သာမန်အိမ်တိုင်လောက်ပါပဲ။ ထူးခြားတာက ဆေးအနီသုတ်ထားတာပဲ။ ဟစ်တိုင်ဆိုပေမယ့် မြန်မာအဘိဓာန်က ဖွင့်သလို ဘယ်ကလာ ဟစ်အော်ကြွေးကြော်လို့ ရလိမ့်မတုန်း။ ဘုရင်က အဲ့သလောက် နားငြီးမခံဘူး။ အော်တယ်ဆိုရုံလေး အော်ရတာ။ ဒီအကြောင်းကို ကင်းဝန်မင်းကြီးနဲ့ မြန်မာဘုရင့်လက်ကျန် မူးမတ်အချို့တို့ရဲ့ စကားဝိုင်းမှာ ကြားနာခဲ့ရဖူးတဲ့ ပခုက္ကူဆရာမင်း ပြောပြချက်ကို ဆရာဇေယျက မှတ်တမ်းပြုခဲ့ဖူးတယ်။ မင်းတုန်းမင်းကြီးလက်ထက်က မော်လမြိုင်သူဌေးတယောက်က သုံးထပ်ကျောင်းဆောက်ဖို့ သစ်အတွက် မျှောစာမရလို့ အဖမ်းခံထားရတယ်။ ဒီတော့ မျှောစာရဖို့ ခက်နေတော့ ဘုရင်ဆီ ဟစ်တိုင်ကနေ အော်ဖို့အကြောင်း ဖြစ်လာတယ်။ ဒီတော့ ဟစ်တိုင်ကအော်လိုကြောင်း လျှောက်ထားရတယ်။ ခွင့်ရပြီဆိုမှ နောက်ရက်စောစော ဗြဲတိုက်ကို သွားရတယ်။ ဗြဲတိုက်ရောက်တော့မှ ဗြဲတိုက်အရာရှိနဲ့ လက်သုံးတော်သားတယောက်က ခေါ်သွားပြီး ဟစ်တိုင်နောက်နားမှာ ရပ်။ ဘုရင်ထွက်အလာ စောင့်ပေါ့။ ဘုရင်ထွက်လာတာနဲ့ ကယ်တော်မူ ဆိုပြီး အော်ရုံအော်ရတာ။ အများစုက မသိလေတော့ တအားကြုံးဟစ်တော့ အနားက လက်သုံးတော်သားက လက်နှစ်ဖက်နဲ့ လည်ပင်းညှစ်ခေါ်သွားသတဲ့။ ဒီတော့မှ လက်သုံးတော်သားက “ခင်ဗျားတို့ မကြောက်ကြပါနဲ့၊ ဟစ်တိုင်မှာ အော်တယ်ဆိုတာ ခင်ဗျားတို့ရဲ့ သံကြောင်သံကျားတွေ ရွှေနားတော်ကြားအောင် အဆုံးမအော်ရဘူး။ အော်တယ်ဆိုရုံလေး အော်ရတယ်” လို့ပြောပြီး လာရင်းကိစ္စကို ရေးမှတ်၊ ပုရပိုက်နဲ့လက်ခံ၊ နာခံတော်လက်အပ်၊ သူကမှတဆင့် ညီလာခံမှာ တင်ပေးရတယ်လို့ ဆိုပါတယ်။ ဒါ... ဗမာဘုရင်ခေတ်က ဟစ်တိုင်ပါ။ အင်္ဂလန်နိုင်ငံမှာလည်း ဟစ်တိုင်ရှိတယ်။ ဟိုက်ပ့ါခ်ဥယျာဉ်ထဲမှာ ရှိတာ။ ဟိုက်ပါ့ခ်ဥယျာဉ်က လန်ဒန်မြို့လယ်ကောင်မှာ ရှိတာ။ ဟစ်တိုင်အစ ဟိုက်ပါ့ခ်ကလို့တောင် အဆိုရှိတယ်။ သူတို့ရဲ့ ဟိုက်ပါ့ခ်မှာ ဟစ်တိုင်အဖြစ် သတ်မှတ်ခဲ့တာ ၁၈၆၆ နောက်ပိုင်းမှပါ။ အဲ့ဒီနှစ်က ဟိုက်ပါ့ခ်ဥယျာဉ်ထဲမှာ ပြုပြင်ရေးသမားတွေက စုဝေးကြတော့ ရဲနဲ့ ပဋိပက္ခ ဖြစ်လာတယ်။ ရဲက ဟိုက်ပါ့ခ်တံခါးကို ပိတ်ထားတဲ့အတွက် လူစုလူဝေးက ဟိုက်ပါ့ခ်တံခါးတွေ ရိုက်ချိုး တောင်းဆိုလာတယ်။ နောက်ဆုံးတော့ အာဏာပိုင်တွေက ဟိုက်ပါ့ခ်ဥယျဉ်ထဲမှာ “ပြုပြင်ပြောင်းလဲရေးသမားတို့ သစ်ပင်” လို့ သတ်မှတ်ပေးခဲ့တယ်။ အဲ့ဒီကနေ တဖြည်းဖြည်းချင်း ဟစ်တိုင်ဖြစ်လာခဲ့တာပဲ။ ဗမာဘုရင်တွေလက်ထက်က ဟစ်တိုင်နဲ့တော့ မတူပေဘူး။ ဗမာဘုရင်ဟစ်တိုင်က တဦးချင်း ဖြစ်ပျက်နေတဲ့ မတရားမှုတွေကို ရွှေနားတော်ကြား ပေါက်ကြားအောင် တင်တာ။ အင်္ဂလန်ကတော့ အဖွဲ့အစည်းတွေကို လွတ်လပ်စွာ စုဝေးခွင့် ဟောပြောခွင့် ပေးတာ။ အင်္ဂလန်ရဲ့ ဟိုက်ပါ့ခ်ဟစ်တိုင်ကို နမူနာယူပြီး ဦးနုက ဖဆပလခေတ်က မြို့လယ်ကောင် လူစည်ကားရာအရပ် မြို့တော်ခန်းမရှေ့ရှိ ဗန္ဓုလဥယျာဉ်မှာ ဟစ်တိုင်ထားပေးခဲ့တယ်။ ၁၉၅ဝ ခုနှစ်လောက်ကပေါ့။ လွတ်လပ်စွာဟောပြောခွင့် ပေးခဲ့တယ်။ ဘယ်နိုင်ငံက ဟစ်တိုင်မှာမဆို လွတ်လပ်စွာဟောပြောခွင့် ပေးသလို သူ့အနားမှာ လုံခြုံရေးဝန်ထမ်းကို ထားပေးရတယ်။ လုံခြုံရေးဝန်ထမ်းက သူ့အတွက်ဖြစ်သလို အနှောင့်အယှက်ပေးမယ့်လူကိုလည်း ထိန်းသိမ်းဖို့အတွက်ပဲ။ သူ့အပြောက တပါးသူကို ထိခိုက်စေတယ်ဆိုရင် သူ့ကို ထိန်းသိမ်းမှာပဲ။ မြန်မာနိုင်ငံမှာ ဗန္ဓုလပန်းခြံထဲရှိ ဟစ်တိုင်ကို ပထမဆုံး စတင်အသုံးပြုတဲ့သူက မိတ္ထီလာက ကျောင်းသားခေါင်းဆောင်ပဲ။ သူက အလံနီ ကျောင်းသားခေါင်းဆောင်ပေါ့။ အဲ့ဒီကျောင်းသားခေါင်းဆောင် အမည်က ကိုကျော်စိုးလို့ ခေါ်တယ်လို့ ဦးဝင်းဖေက ဗွီအိုအေ အင်တာဗျူးမှာ ပြောခဲ့တာ မှတ်သားရဖူးတယ်။ ဒါပေမယ့် ကြာရှည်ခံခဲ့ဟန် မတူပါဘူး။ ဖဆပလ ၂ ခြမ်းကွဲပြီးတဲ့နောက်ပိုင်း တိမ်မြုပ်သွားခဲ့ဟန်ရှိတယ်။ အသေချာဆုံးကတော့ ၁၉၆၂ နောက်ပိုင်း စစ်တပ်က အာဏာသိမ်းကတည်းက အစဉ်အလာကောင်းတခု ပျောက်ကွယ်သွားခဲ့တာ။ ဦးသိန်စိန်အစိုးရ လက်ထက်မှာ ပြည်သူ့ဟစ်တိုင်ဆိုပြီး ပေါ်လာခဲ့ပေမယ့် လူသူဝေးရာနေရာကို သတ်မှတ်ပေးလိုက်တော့ ဟစ်တိုင်ရဲ့ သဘောသဘာဝနဲ့ အနှစ်သာရဟာ ပျောက်သွားတယ်လို့ ဝေဖန်သံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ကျိုက္ကဆံရယ် ဟိုက်ပါ့ခ်ရယ် ဘုရင့်ဟစ်တိုင်ရယ်ကို ယှဉ်ကြည့်တော့ ဟိုက်ပါ့ခ်နဲ့ ဘုရင်ရင့်ဟစ်တိုင်တို့က ဟစ်တိုင်ဆိုတဲ့ သဘောသဘာဝ၊ ရည်ရွယ်ချက်တို့နဲ့ ကိုက်ညီနေတယ်။ ဒီမိုကရေစီနဲ့ ပြည်သူလူထုရဲ့ လွတ်လပ်စွာ ပြောဆို၊ ထုတ်ဖော်ပိုင်ခွင့်တို့ဟာ ဖွားဖက်တော်တွေသာ ဖြစ်တယ်။ တချိန်ကရှိခဲ့တဲ့ ဗန္ဓုလပန်းခြံထဲက ဟစ်တိုင်ကတော့ ဒီမိုကရေစီအပြင် ဟစ်တိုင်ရဲ့ ရည်ရွယ်ချက်၊ သဘောသဘာဝတွေနဲ့ ကိုက်ညီရုံမက ပြည်သူလူထု မျက်မှောက်နဲ့ အနီးဆုံး၊ လူစည်ကားရာမှာ ရှိနေတာကို တွေ့ရတယ်။ ကျိုက္ကဆံကတော့ ဘုရင့်ခေတ်က ဟစ်တိုင်လောက်တောင် အဆင့်မမီ။ ဟန်ပြလောက်သာဖြစ်တယ်လို့ ဝေဖန်ကြတယ်။ ဘာပဲဖြစ်ဖြစ် ပဒေသရာဇ်ကာလတွေမှာ ကတည်းက မြန်မာတို့အစဉ်အလာ ဟစ်တိုင်ဆိုတာ ရှိခဲ့ကြောင်း မှတ်သားဖွယ် တင်ပြလိုက်ပါတယ်။ ဆရာဋ္ဌေး ဓာတ်ပုံ - Flicker
3 years Ago
Up