ဟစ်ဇ်ဘိုလာ

August 27, 2015

အမေရိကန်တပ်ဖွဲ့ဝင် ၁၉ ဦးသေဆုံးခဲ့သည့် ဗုံးဖောက်ခွဲသူ ဖမ်းဆီးရမိ

၁၉၉၆ ခုနှစ်က ဆော်ဒီအာရေးဗီးယားနိုင်ငံမှာ အမေရိကန်တပ်ဖွဲ့ဝင် ၁၉ ဦး သေဆုံးခဲ့တဲ့ ဗုံးဖောက်ခွဲမှုမှာ အဓိက သံသယရှိသူကို ဖမ်းဆီးရမိပြီလို့ သြဂုတ် ၂၆ ရက်က ဆော်ဒီ သတင်းစာတစောင်မှာ ဖော်ပြပါတယ်။ အသက် ၄၈ နှစ်အရွယ် ဆော်ဒီနိုင်ငံသား အာမက်အယ်လ် မူဂါစလ် (Ahmed al-Mughassil) ဟာ အနှစ် ၂၀ လောက် တိမ်းရှောင်နေခဲ့ပြီး ရုပ်ပြောင်းရုပ်လွှဲ လုပ်ထားတယ်လို့လည်း သတင်းစာက ဆိုပါတယ်။ သူ့ကို လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့တော်မှာ ဖမ်းဆီးရမိတာဖြစ်ပြီး ဆော်ဒီအာရေးဗီးယားနိုင်ငံကို ပြန်လည်လွှဲပြောင်းပေးမှာ ဖြစ်တယ်လို့လည်း သတင်းစာမှာ ဖော်ပြပါတယ်။ သူ့ကို ဖမ်းဆီးရမိတာနဲ့ပတ်သက်ပြီး ဆော်ဒီအာဏာပိုင်တွေဘက်က ထုတ်ဖော်ပြောဆိုတာ မရှိသေးပေမယ့် အမေရိကန် အာဏာပိုင်တွေကတော့ အတည်ပြုပါတယ်။ သူ့ကို အမေရိကန်တပ်ဖွဲ့ဝင် ၁၉ ဦးနဲ့ ဆော်ဒီနိုင်ငံသား တဦးတို့ကို သတ်ဖြတ်မှု အတွက်နဲ့လည်း အမေရိကန် တရားရုံးတရုံးက စွဲချက်တင်ထားတာပါ။ ၁၉၉၆ ဗုံးဖောက်ခွဲမှုဟာ ကိုဘာမြို့က အမေရိကန်တပ်ဖွဲ့ဝင်တွေ နေထိုင်တဲ့ အဆောက်အဦးကို ကုန်တင်ကားဗုံးနဲ့ ပစ်မှတ်ထား ဖောက်ခွဲခဲ့တာဖြစ်ပြီး ဟစ်ဇ်ဘိုလာနဲ့ အီရန်နိုင်ငံက နောက်ကွယ်က ပါဝင်တယ်လို့ အမေရိကန်နိုင်ငံက စွပ်စွဲခဲ့ပါတယ်။ မူဂါစလ်ဟာ ဘေရွတ်မြို့တော်မှာ နေထိုင်နေတယ် ဆိုတာကို ဆော်ဒီထောက်လှမ်းရေး အာဏာပိုင်တွေက သတင်းရရှိခဲ့တယ်လို့ ဆော်ဒီလုံခြုံရေး သတင်းရင်းမြစ်တခုကို ကိုးကားပြီး သတင်းက ဆိုပေမယ့် သူ့ကို ဖမ်းဆီးရမှု အသေးစိတ်ကို ဖော်ပြခြင်းတော့ မရှိပါဘူး။
6 years Ago

July 6, 2015

ဆီးရီးယားစစ်တပ်နှင့် ဟစ်ဇ်ဘိုလာတပ်ဖွဲ့ ပူးပေါင်းပြီး ဇဘာဒါနီမြို့ကို ထိုးစစ်ဆင်

လက်ဘနွန်နယ်စပ်နားက ဆီးရီးယားသူပုန်တွေ သိမ်းပိုက်ထားတဲ့ ဇဘာဒါနီ (Zabadani) မြို့ကို ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်နေ့က ဆီးရီးယားစစ်တပ်နဲ့ မဟာမိတ် ဟစ်ဇ်ဘိုလာတပ်ဖွဲ့တို့ ပူးပေါင်းပြီး အပြင်းအထန် ထိုးစစ်ဆင်နေပါတယ်။ ဇဘာဒါနီမြို့ဟာ လက်ဘနွန်နိုင်ငံ ဘေရွတ်နဲ့ ဆီးရီးယားနိုင်ငံ ဒမာစကတ်မြို့တော်ကို ဆက်သွယ်ပေးတဲ့ မဟာဗျူဟာကျတဲ့မြို့ ဖြစ်ပါတယ်။ အရင်က ကျော်ကြားခဲ့တဲ့ အပန်းဖြေမြို့ဖြစ်ပြီး ၂၀၁၂ ခုနှစ်ကတည်းက ဆီးရီးယားက ဆွန်နီမွတ်စလင် သူပုန်တွေရဲ့ သိမ်းပိုက်ခံထားရတဲ့မြို့လည်း ဖြစ်ပါတယ်။ အခုတော့ ဆီးရီးယားနဲ့ လက်ဘနွန်နယ်စပ်မှာ ဆီးရီးယားသူပုန်တွေရဲ့ နောက်ဆုံးအမာခံစခန်းမြို့ ဖြစ်နေပါတယ်။ ဇဘာဒါနီမြို့ဟာ ၂၀၁၁ ခုနှစ် ဆီးရီးယား ပြည်တွင်းစစ်မဖြစ်ခင် ဟစ်ဇ်ဘိုလာတပ်ဖွဲ့ကို ဆီးရီးယားအစိုးရက လက်နက်ထောက်ပံ့တဲ့ အဓိကလမ်းကြောင်းလည်း ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက်နေ့က စတင်ခဲ့တဲ့ ထိုးစစ်အတွင်း သူပုန်တပ်ဖွဲ့ဝင်တွေ အများအပြား ကျဆုံးပြီး သူပုန်တွေ ဆက်လက်သိမ်းပိုက်ထားတဲ့ မြို့လယ်ကို ဘက်ပေါင်းစုံက ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ဆီးရီးယားစစ်တပ်က ပြောပြီး ဇဘာဒါနီမြို့ အနောက်ဘက်က စိုးမိုးကုန်းကိုလည်း သိမ်းပိုက်ရရှိထားပြီလို့ ဆိုပါတယ်။ သူပုန်တွေကလည်း မြို့ပတ်ပတ်လည်မှာ မြေမြှုပ်မိုင်းတွေ အထူအထပ်ချထားပြီး အစိုးရထိုးစစ်ကို ဆက်လက်ရင်ဆိုင်မယ်လို့ ပြောပါတယ်။ ဇူလိုင် ၄ ရက်နေ့ မနက်က စတင်ခဲ့တဲ့ အစိုးရနဲ့ ဟစ်ဇ်ဘိုလာ ထိုးစစ်တွေက လေကြောင်းနဲ့ မြေပြင်ကပါ ဒုံးကျည်တွေ တရစပ် ပစ်ခတ်ခဲ့ပြီး မြေပြင်တပ်ဖွဲ့ဝင် အလုံးအရင်းလည်း ပါဝင်တယ်လို့ ဆီးရီးယား သူပုန်သတင်းရင်းမြစ်တွေက ပြောဆိုပါတယ်။
6 years Ago
Up