ဟင်္သာတရဲစခန်း

October 13, 2020

ဟင်္သာတရဲစခန်းတွင် ကြံ့ခိုင်ရေးပါတီဝန်းရံသူ ၂၆ ဦးကို အမှုဖွင့်ထား 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်မှာ အောက်တိုဘာ ၁၀ ရက်နေ့က အန်အယ်လ်ဒီ ပါတီထောက်ခံသူတွေ ခဲတွေ တုတ်တွေနဲ့ တိုက်ခိုက်ခံခဲ့ရတာနဲ့ပတ်သက်လို့  ကြံ့ခိုင်ရေးပါတီဝန်းရံသူ ၂၆ ဦးကို ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ရဲတပ်ဖွဲ့ထံက သိရပါတယ်။ ကြံ့ခိုင်ရေးပါတီ၀န်းရံသူတွေ အင်အားပြတဲ့ ယာဉ်တန်းမှာပါ၀င်လာသူတချို့က အန်အယ်လ်ဒီ ပါတီထောက်ခံသူတွေကို ခဲနဲ့ပေါက်၊ တုတ်နဲ့ရိုက်တာတွေပြုလုပ်ခဲ့တယ်ဆိုပြီး  အောက်တိုဘာ ၁၂ ရက် ညပိုင်းမှာ အန်အယ်လ်ဒီပါတီထောက်ခံသူ ကိုအောင်စည်သူက ဟင်္သာတရဲစခန်းမှာ လာရောက်အမှုဖွင့်ခဲ့တာပါ။  ဟင်္သာတမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ခင်မောင်ကြည်က "ပါတီ၀န်းရံထောက်ခံသူတွေ အပြန်အလှန်ခိုက်ရန်ဖြစ်ပွားတာနဲ့ ပတ်သက်ပြီး မနေ့ညပိုင်းက အန်အယ်လ်ဒီ ပါတီဘက်က လာရောက်အမှုဖွင့်တိုင်ကြားတာ ဟုတ်ပါတယ်။ လောလောဆယ်တော့ အမှုဖွင့်ထားပြီး စစ်ဆေးတာတွေပြုလုပ်နေတုန်းပါ။ တရားစွဲတင်မယ့်ရက်ကိုတော့ ပြောလို့မရ သေးပါဘူး။"လို့ ပြောပါတယ်။  ဟင်္သာတမြို့နယ်၊ တာဂွကျေးရွာမှာ အောက်တိုဘာ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပါတီနှစ်ခု အပြန်အလှန် ခိုက်ရန်ဖြစ်ပွားမှုမှာ နှစ်ဘက်စလုံး ဒဏ်ရာရရှိသူတွေရှိသလို အားလုံးကတော့ စိုးရိမ်စရာမရှိတဲ့ ပုံမှန်ဒဏ်ရာတွေသာဖြစ်ပြီး အမှုနဲ့ ပတ်သက်လို့ တရားစွဲတင်ဖို့အတွက် အမှု တည်ဆောက်တာတွေပြုလုပ်နေပြီးလို့ ဆိုပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး ကြံ့ခိုင်ရေးထောက်ခံအင်အားပြယာဉ်တန်းမှာပါ၀င်ခဲ့သူ ကိုဌေးလွင်အပါ ၂၆ ဦးကို ဟင်္သာတနယ်မြေရဲစခန်းမှာ ရာဇသတ်ကြီး ပုဒ်မ ၃၂၃၊ ၃၃၇၊ ၂၉၄၊ ၅၀၆၊ ၄၂၇/၁၁၄ စတဲ့ပုဒ်မတွေနဲ့ အမှုဖွင့်ထားတယ်လို့ ရဲတပ်ဖွဲ့ထံက သိရပါတယ်။ သတင်း - မင်းထက်မုန်း (ပုသိမ်)
7 months Ago
Up