ဟင်းပွဲ

March 30, 2019

အီသီယိုးပီးယားတွင် ခေတ်စားလာသည့် အသားစိမ်းဟင်းပွဲ

အီသီယိုးပီးယားနိုင်ငံသားတွေကြားမှာ အသားအစိမ်းစားတဲ့ အလေ့အထ သိသိသာသာ ခေတ်စားလာတယ်လို့ မတ် ၂၆ ရက်နေ့ OC သတင်းမှာဖော်ပြပါတယ်။ ကမ္ဘာ့နေရာအနှံ့က လူတော်တော်များများဟာ အသားစိမ်းမှာပါဝင်တဲ့ ဘတ်တီးရီးယားတွေ၊ ကပ်ပါးကောင်တွေကြောင့် အသားကို ချက်ပြုတ်ကြော်လှော်ပြီးမှ စားပေမယ့် အီသီယိုးပီး ယားမှာတော့ ဒီလိုမဟုတ်ပါဘူး။ အီသီယိုးပီးယားရဲ့မြို့တော် အဒစ်အဘာဘာမြို့က စားသောက်ဆိုင်တွေမှာ အသားကို အစိမ်းလိုက် ရောင်းချကြပြီး အားရပါးရ စားနေကြတဲ့လူတွေကိုလည်း အလွယ်တကူ မြင်တွေ့ရမှာဖြစ်ပါတယ်။ အရင်တုန်းက အသားစိမ်းကို မင်္ဂလာဆောင်တွေ၊ အားလပ်ရက်ပျော်ပွဲရွှင်ပွဲလို အခမ်းအနားတွေရှိချိန်မှသာ စားကြပေမယ့် အခု အချိန်မှာတော့ နေ့တိုင်းနီးပါ အသားစိမ်းစားတဲ့ လူတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ အသားစိမ်းကိုမှ နှစ်သက်သဘောကျသူတွေက ဒီလိုအစိမ်းစားခြင်းက သူတို့ ခန္ဓာကိုယ်အတွက် စွမ်းအင်တွေကို ရရှိကာ သူတို့ကို လန်းဆန်းတက်ကြွစေတယ်လို့ ပြောမှာဖြစ်ပြီး အစိမ်းစားလို့ ဖြစ်လာနိုင်ဖွယ်ရှိတဲ့ ရောဂါတွေအတွက်လည်း ဂရုမစိုက်ကြပါဘူး။ သူတို့ဟာ အမဲသားနဲ့ ဆိတ်သားကို အဓိကထား အစိမ်းစားကြတာဖြစ်ပြီး အသားတွေကို အစိမ်းစားလို့ ရောဂါဖြစ်တယ်ဆိုတာကိုလည်း အယုံအကြည်မရှိကြပါဘူး။ “ကျနော်ဒါတွေကို လုံးဝဂရုမစိုက်ပါဘူး။ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်တည်းက အသားတွေကို အစိမ်းလာတာ တခါမှ ဖျားနာဖူးတာမျိုး မရှိပါဘူး” လို့ အသားတွေကို အစိမ်းလိုက်စားရတဲ့ နှစ်သက်သူတဦးက ပြောပါတယ်။ “ကျနော့်အဖွားက အသက် ၁၁၄ နှစ်အရွယ်မှာ ဆုံးခဲ့ပြီး ကျနော့်အမေက သူ့အသက် ၉၂ နှစ်အရွယ်မှာ ဆုံးသွားတာပါ။ သူတို့နှစ်ယောက်စလုံးဟာ သူတို့ ဘဝရဲ့ နောက်ဆုံး အချိန်တွေအထိ အသာားကို အစိမ်းလိုက်စားကြတာပါ” လို့လည်း အသားစိမ်းကြိုက်တဲ့ အမျိုးသား တဦးကဆိုပါတယ်။ နိုင်ငံတွင်း အသားစိမ်းစားတဲ့ အလေ့အထ အခုလိုခေတ်စားလာရတဲ့ အကြောင်းအရင်းကို ဘယ်သူမှ အတိအကျ အဖြေရှာမတွေ့သေးပေမယ့် အများစုကတော့ ဒီအလေ့အကျင့်ဟာ ပြီးခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာ ခရစ်ယာန် Gurage တွေနဲ့ မွတ်ဆလင်တွေကြား စစ်ဖြစ်ပွားချိန်ကတည်းက စတင်ခဲ့တာဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။ စစ်ပွဲဖြစ်ပွားချိန်မှာ Gurage စစ်သည်တွေဟာ ချက်ပြုတ်လို့မရတာကြောင့် အစိမ်းစားခဲ့ကြရတာဖြစ်ပြီး စစ်ပွဲအပြီး နှစ်ပေါင်းများစွာကြာတဲ့အထိ ဒီအလေ့အကျင့်ကို ဆက်လက်ကျင့်သုံးနေတာ ဖြစ်နိုင်ပါတယ်။ လက်ရှိအချိန်မှာ အသားစိမ်းတွေနဲ့ ပြင်ဆင်ထားတဲ့ ဟင်းပွဲတွေကို နိုင်ငံတွင်းမှာရှိတဲ့ လူမျိုးစုတိုင်းက စားသုံးနေကြတာဖြစ်ပြီး ဒီဟင်းပွဲတွေဟာ အီသီယိုးပီးယားနိုင်ငံရဲ့ အထိမ်းအမှတ် ဟင်းပွဲအနေနဲ့တောင် သတ်မှတ်နေကြပြီဖြစ်ပါတယ်။ အီသီယိုးပီးယားမှာ “tere siga” လို့ခေါ်တဲ့ အသားစိမ်းဟင်းပွဲက အထူးနာမည်ကြီးပြီး ဒီဟင်းပွဲဟာ အသားမြောင်းတွေကနေ တလုပ်စာ ဓားနဲ့ လှီးကာ အချဉ်ရည်နဲ့ တို့စားတဲ့ ဟင်းအမျိုးအစားပဲဖြစ်ပါတယ်။
3 years Ago
Up