ဟင်းချက်လှူဒါန်း

June 10, 2018

၂၄ နိုင်ငံမှ စားဖိုမှူးများ လူ ၄၀၀၀ စာအတွက် ဟင်းချက်လှူဒါန်း

  လူအယောက် ၄၀၀၀ စာအတွက် နိုင်ငံပေါင်း ၂၄ နိုင်ငံက စားဖိုမှူးတွေ ချက်ပြုတ်ထားတဲ့ ဟင်းချက်လှူဒါန်းပွဲကို ဇွန်လ ၁၀ ရက်နေ့က ရွှေတိဂုံစေတီတော်တောင်ဘက်မုခ်မှာ ကျင်းပနေပါတယ်။ အစားအသောက်ကနေ တယောက်နဲ့ တယောက် အပြုံးခြင်းဖလှယ်နိုင်ဖို့အတွက် ရည်ရွယ်ကျင်းပတဲ့ ဟင်းချက်လှူဒါန်းပွဲကို မြန်မာစားဖိုမှူးအသင်း MCA နဲ့ နယ်စည်းမခြား ကမ္ဘာ့စားဖိုမှူးကြီးများအသင်း WCWB အသင်းတို့ ပူးပေါင်းကျင်းပတာပါ။ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ကနေဒါ ဆွတ်စလန်နဲ့ နော်ဝေ အစရှိတဲ့ နိုင်ငံခြားသား စားဖိုမှူး အယောက် ၇၀ က အာရှအစားအစာကို အခြေခံပြီး ချက်ပြုတ်ထားတာပါ။ ကမ္ဘာ့နိုင်ငံတွေက စားဖိုမှူးတွေက ဟင်းချက်လှူဒါန်းပွဲအတွက် တစ်ယောက်ကို ယူရိုငွေ ၁ ထောင် ထည့်ဝင်လှူဒါန်းစိုက်ထည့်ထားကာ မြန်မာကျပ်ငွေ သိန်းပေါင်း ၁၁၀၀ နီးပါး တန်ဖိုးရှိပါတယ်။ ဒါပြင့် ဇွန် ၁၁ ရက်နေ့မှာ တွံတေးမြို့နယ်ဘက်က ရွာတွေမှာရှိတဲ့ ပြည်သူအယောက် ၈၀၀၀ စာအတွက်လည်း အစားအသောက်တွေနဲ့ လူသုံးကုန်ပစ္စည်းတွေကို လက်ဆောင်ဝေငှသွားမယ်လို့ ပြောပါတယ်။ နယ်စည်းမခြား ကမ္ဘာ့စားဖိုမှူးကြီးအဖွဲ့ဟာ ၂၀၀၈ ခုနှစ်က မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်းဖြစ်ပွားခဲ့တဲ့အချိန်က ပြည်သူတွေအတွက် အစားအသောက်တွေ လာရောက်လှူဒါန်းခဲ့ပြီး အခုအချိန် ၁၀ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ထပ်မံလာရောက်လှူဒါန်းတာလို့ ပြောပါတယ်။ သတင်းဓာတ်ပုံ-သူဇာလင်း
4 years Ago
Up