ဟင်းချက်မကောင်း

June 24, 2018

ဟင်းချက်မကောင်းဟု ကဲ့ရဲ့သည့် ယောက်ျားဘက်က ဆွေမျိုးများကို အဆိပ်ခတ်သတ်

မိသားစုကို အဆိပ်ခတ်သတ်ခဲ့တဲ့ အသက် ၂၈ နှစ်အရွယ် အိန္ဒိယအမျိုးသမီးတဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ 9 News သတင်းဌာနမှာ ဖော်ပြပါတယ်။ ဒီဖြစ်ရပ်ဟာ အိန္ဒိယနိုင်ငံ အနောက်ပိုင်း မဟာရတ်ရှ် ထာပြည်နယ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူငါးဦးမှာ ကလေးငယ်လေးဦး ပါဝင်တယ်လို့ ဆိုပါတယ်။ အဆိပ်ခတ်သတ်သူ အမျိုးသမီးကို ဇွန်လ ၂၂ ရက်နေ့က ရိုင်ဂတ်ခရိုင်မှာ ဖမ်းမိခဲ့တာပါ။ သူမဟာ သူမကို အသားမည်းခြင်း၊ ဟင်းချက်ညံ့ခြင်းစတဲ့ အကြောင်းအရာတွေနဲ့ အမြဲလိုလှောင်ပြောင်လေ့ရှိတဲ့ မိသားစုဝင်တွေကို လက်တုံ့ပြန်ဖို့ ဒီလိုပြစ်မှုမျိုးကို ကျူးလွန်ခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒီအမျိုးသမီးဟာ ဇွန်လ ၁၈ ရက်နေ့ မိသားစုအိမ်မှာလုပ်ခဲ့တဲ့ စားသောက်ပွဲတခုမှာ စားစရာတွေထဲ ပိုးသတ်ဆေးထည့်ပြီး လက်တုံ့ပြန်ခဲ့တာလို့ ဒေသခံရဲအရာရှိ ဆန်ဂျေးပါတဲလ်က ပြောပါတယ်။ သူမချက်တဲ့ ဟင်းတွေကို စားပြီးပြီးခြင်းမှာ အသက် ၇ နှစ်ကနေ ၁၃ နှစ်အတွင်းရှိ ကလေးငယ် လေးဦး အပါအဝင် အသက် ၅၃ နှစ်အရွယ် အမျိုးသားတဦးတို့မှာ ချက်ချင်းသေဆုံးခဲ့ပြီး သေဆုံးသူတွေထဲမှာ တရားခံဘက်က ဆွေမျိုး ၂ ဦး ပါပါဝင် ပါတယ်။ “တရားခံအမျိုးသမီးဟာ ပြီးခဲ့တဲ့ ၂ နှစ်လောက်က လက်ထပ်ခဲ့ပြီး သူမရဲ့ အသားအရောင်နဲ့ ဟင်းချက်မတတ်မှုတွေကို ယောက်ျားဘက်က ဆွေမျိုးတွေက အမြဲလို လှောင်ပြောင် ကဲ့ရဲ့ခဲ့ကြတယ်” လို့ ပါတဲလ်က ပြောပါတယ်။ ဒါ့ကြောင့် ဒီပြစ်မှုကို အိမ်ထောင်ရေး၊ မိသားစုပြသနာတွေကနေ ပေါ်ပေါက်လာတဲ့ ပြစ်မှု လို့ခေါ် နိုင်ပါတယ်လို့လည်း သူကမှတ်ချက်ပြုပါတယ်။ ပိုးသတ်ဆေးရောထားတဲ့ ဟင်းတွေကို စားမိခြင်းကြောင့် မိသားစု အချို့ဟာလည်း အခုထိ ဆေးရုံတက်နေရဆဲဖြစ်ပါတယ်။ အမျိုးသမီးတွေအပေါ် နှိမ်ချဆက်ဆံခြင်း သို့မဟုတ် စိတ်ပိုင်းဆိုင်ရာအနိုင်ကျင့်ခြင်း တွေဟာ အိန္ဒိယနိုင်ငံတဝန်းလုံးမှာ မကြာခဏဖြစ်လေ့ရှိတဲ့ အကြောင်းအရာတခုပါ။ ဒါ့အပြင် အိန္ဒိယလူ့အဖွဲ့အစည်းဟာ အသားမည်းတာဟာ ဆင်းရဲသားတွေရဲ့ ပြယုဂ်တခုဖြစ်ပြီး အသားဖြူတာကသာ လှပတာဆိုတဲ့ အယူအဆကိုလည်း တရားသေ လက်ခံထားပါတယ်။ ဒါကြောင့် အိန္ဒိယနိုင်ငံမှာ အသားဖြူဆေးတွေဟာ ရောင်းအား အကောင်းဆုံး အလှကုန်တွေပဲ ဖြစ်ပါတယ်။
3 years Ago
Up