ဟက်ထရစ်

December 3, 2020

ချဲလ်ဆီးတိုက်စစ်မှူး ဂီရော့ဒ် သက်ကြီး ဟက်ထရစ် ကစားသမားအဖြစ် မှတ်တမ်းဝင်

ချဲလ်ဆီးတိုက်စစ်မှူး အိုလီဗီယာ ဂီရော့ဒ်ဟာ ချန်ပီယံလိဂ်မှာ ဟက်ထရစ်သွင်းတဲ့ အသက်အကြီးဆုံး ကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။  ဒီမနက်အစောပိုင်းကန်သွားတဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာ ချယ်လ်ဆီးက ဆီဗီလာကို ၄ ဂိုးပြတ်အနိုင်ရကာ ဂီရော့ဒ်ဟာ ၄ ဂိုးစလုံးကို သွင်းယူပေးခဲ့ပြီး ချဲလ်ဆီးကို အုပ်စု E ရဲ့ အုပ်စုဗိုလ်အဖြစ် နောက်တစ်ဆင့်ကိုတက်လှမ်းစေခဲ့ပြီဖြစ်ပါတယ်။  ပြင်သစ်တိုက်စစ်မှူး ဂီရော့ဒ်ဟာ ရာသီအစပိုင်းမှာ ကစားသမားသစ်ဗာနာ၊ အေဗရာဟမ်တို့ နောက် တတိယဦးစားပေး ကစားသမားအဖြစ်သာ အသုံးပြုခြင်းခံနေရသူဖြစ်ပါတယ်။ ဒါပေမဲ့ ဆီဗီလာနဲ့ပွဲမှာ လမ်းပတ်က ဗာနာနဲ့ အေဗရာဟမ်တို့ကို  အနားပေးဖို့ ဆုံးဖြတ်ခဲ့တာပြီး ဂီရော့ဒ်ကို အခွင့်အရေးပေးခဲ့တာဖြစ်ပါတယ်။  ဂီရော့ဒ်ကလည်း ရရှိလာတဲ့အခွင့်အရေးကို အပြည့်အဝအသုံးချပြီး အသင်းအတွက် စပိန်မြေမှာ အထူးခြေစွမ်း ပြခဲ့တာဖြစ်ပါတယ်။  အသက် ၃၄ နှစ်အရွယ်တိုက်စစ်မှူးဟာ ပွဲချိန် ၈ မိနစ်မှာ ဘယ်ခြေကန်ချက်နဲ့ ချဲလ်ဆီး  အသင်းကို  ဦးဆောင်ဂိုး သွင်းယူပေးခဲ့တာပါ။ အဲ့ဒီနောက်မှာ ညာခြေကန်နဲ့ဒုတိယဂိုးသွင်းယူပေးခဲ့ပြီး ပွဲချိန် ၇၄ မိနစ်မှာ ကန်တေရဲ့ ဖြတ်တင်ဘောကို ခေါင်းတိုက်ပြီး သူ့ရဲ့ဟက်ထရစ်သွင်းဂိုးကိုရရှိခဲ့ပါတယ်။  စူပါဟက်ထရစ်ဖြစ်စေမဲ့ ဂိုးကိုတော့ ပွဲပြီးခါနီးမှာ ရရှိခဲ့တဲ့ ပင်နယ်တီကနေ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။  ဒီပွဲမှာ ဂီရော့ဒ်ဟာ ဘယ်ခြေ၊ ညာခြေ၊ ခေါင်းတိုက်ဂိုး၊ ပင်နယ်တီသွင်းဂိုးစတာတွေနဲ့ အသက်ကြီးပေမယ့် မပျက်စီးသေးဘူးဆိုတာ ကိုပြသခဲ့တာလည်း ဖြစ်ပါတယ်။  ၄ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ဂီရော့ဒ်ဟာ ချန်ပီယံလိဂ်သမိုင်းမှာ ဟက်ထရစ်သွင်းယူနိုင်တဲ့ အသက် အကြီးဆုံးကစားသမားဖြစ်လာခဲ့ပြီဖြစ်ပါတယ်။  သူဟာ ရီးရဲလ်တိုက်စစ်မှူး ပွတ်ရှ်ကတ်နောက်ပိုင်း ဥရောပပြိုင် ပွဲတွေမှာ ဟက်ထရစ် သွင်းနိုင်တဲ့အသက်အကြီးဆုံးကစားသမားလည်း ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။  “ဒါဟာတကယ်ကို  ကောင်းတဲ့ခံစားချက်ပါ။ တကယ်ကို ကောင်းတဲ့အသင်းလိုက်ကစားပုံ လည်း ဖြစ်ပါတယ်။ ကျနော့်အတွက် ၄ ဂိုး ရရှိခဲ့တာကြောင့် ဒါဟာ တကယ်ကို ကောင်းမွန်ပါတယ်” လို့ ဂီရော့ဒ်က ပွဲအပြီးမှာပြောပါတယ်။  သူဟာ ချဲလ်ဆီးအသင်းအတွက် ဥရောပပြိုင်ပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ ဒုတိယ မြောက်ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။ 
1 year Ago

October 29, 2020

ကစားသမားဘဝ ပထမဆုံး ဟက်ထရစ်ရရန် အချိန်များစွာစောင့်ခဲ့ရဟု ရက်ရှ်ဖို့ဒ် ပြော

ကစားသမားဘ၀ ပထမဆုံး ဟက်ထရစ်သုံးဂိုး သွင်းယူနိုင်ဖို့ အချိန်တွေအကြာကြီး စောင့်ခဲ့ရတယ်လို့  မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကပြောပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ဒီကနေ့မနက်ပိုင်းက လိုက်ဇစ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ လူစားဝင်ကစားပြီး ဟက်ထရစ်သုံးဂိုး သွင်းယူနိုင်ခဲ့တာပါ။  ချန်ပီယံလိဂ်သမိုင်းတစ်လျှောက်မှာ ပွဲချိန် ၂၇ မိနစ်အတွင်းမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ် ရက်ရှ်ဖို့ဒ်က မှတ်တမ်းဝင်ခဲ့ပါတယ်။  ကစားသမားဘဝရဲ့ ပထမဆုံး ဟက်ထရစ်ရဖို့အတွက် အချိန်အကြာကြီး စောင့်ခဲ့ရပြီး ထိန်းချုပ်လို့မရလောက်အောင် ပျော်ရွှင်ကျေနပ်မိကြောင်းနဲ့ ပရိသတ်တွေ အားလုံးလည်း ပျော်ရွှင် ကျေနပ်မယ်လို့ မျှော်လင့်ကြောင်း ရက်ရှ်ဖို့ဒ်က တွစ်တာကနေတဆင့် ပြောခဲ့တာပါ။  လူစားဝင်ကစားတဲ့အချိန်မှာ တိုက်စစ်မြှင့်တင်ကစားဖို့ နည်းပြဆိုးလ်ရှားက မှာကြားခဲ့ပြီး လိုက်ဇစ်ခံစစ်မှာ နေရာလွတ်တွေ ရှိခဲ့တာကြောင့် ဂိုးတွေသွင်းယူနိုင်ခဲ့တာဖြစ်ကြောင်းလည်း ရက်ရှ် ဖို့ဒ်က ပွဲအပြီးမှာပြောပါတယ်။  ၁၉၉၉ ခုနှစ်က နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲမှာ ဆိုးလ်ရှားက လူစားဝင်ကစားပြီး ဟတ်ထရစ် သွင်းယူခဲ့ပြီးနောက်ပိုင်း ရက်ရှ်ဖို့ဒ်ကလည်း လူစားဝင်ပြီး ဟတ်ထရစ်သွင်းနိုင်ခဲ့တဲ့ ဒုတိယမြောက် မန်ယူကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
1 year Ago

မန်ယူ ၅-၀ လိုက်ပစ်ဇ်၊ ဟက်ထရစ်သွင်းပြီး မှတ်တမ်းကောင်းများပိုင်ဆိုင်ခဲ့သည့် ရက်ဖို့ဒ် (ရုပ်သံဟိုက်လိုက်)

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး မားကပ်စ်ရက်ဖို့ဒ်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လူစားဝင်ကာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ ၅ ဦးမြောက် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ ပါတယ်။ ဒီနေ့မနက်အစောပိုင်း ကစားတဲ့ လိုက်ပစ်ဇ်နဲ့ပွဲစဉ်မှာ ရက်ဖို့ဒ်ဟာ ပွဲကစားချိန် ၂၇ မိနစ်သာရှိခဲ့ပြီး ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် မိနစ်အနည်းဆုံးကစားပြီး ဟက်ထရစ်ရရှိခဲ့သူလည်း ဖြစ်ခဲ့ပါတယ်။  ဒီပွဲမှာ ရက်ဖို့ဒ်ဟာ ပွဲချိန် ၆၃ မိနစ်မှသာ လူစားဝင်ခွင့် ရရှိခဲ့တာပါ။ သူကွင်းထဲမဝင်ရောက်ခင်မှာ ယူနိုက်တက်အသင်းဟာ မေဆင်ဂရင်းဝုဒ်ရဲ့အဖွင့်ဂိုးကြောင့် ၁ ဂိုး ဂိုး မရှိ ရလဒ်နဲ့ပဲ အနိုင်ရရှိထားပါတယ်။     အဲ့ဒီနောက်အချိန်တိုအတွင်းမှာ ရက်ဖို့ဒ်က ဟက်ထရစ်ရရှိခဲ့ပြီး ဒီစွမ်းဆောင်ရည်ကြောင့် အမ်ဘတ်ပီ၊ ဝေါ်တာ ပန်ဒီယာနီ၊ ဂျို့စ်ဘာလော်ရန်တေး၊ အူဝီရော့စလာစတဲ့ ကစားသမားတွေနဲ့အတူ ချန်ပီယံလိဂ်မှာ လူစားဝင်ပြီး ဟက်ထရစ်ရရှိခဲ့တဲ့ ၅ ဦးမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။  ဒါ့အပြင် ရက်ဖို့ဒ်ဟာ လူစားဝင်ပြီး ဟက်ထရစ်သွင်းတဲ့ ဒုတိယမြောက် ယူနိုက်တက်ကစားသမားအဖြစ်လည်း စံချိန်တင်နိုင်ခဲ့ပါတယ်။  သူ့မတိုင်ခင် လက်ရှိနည်းပြ ဆိုးလ်ရှားက ၁၉၉၉ ဖေဖော်ဝါရီ၊ နော့တင်ဟမ်ဖောရက်နဲ့ ပရီးမီးယားလိဂ်ပွဲမှာ ယူနိုက်တက်အတွက် လူစားဝင်ပြီး ဟက်ထရစ်ရရှိခဲ့ဖူးပါတယ်။  ဟက်ထရစ်ရှင်ရက်ဖို့ဒ်က “မန်နေဂျာက ပွဲအရှိန်ကိုမြှင့်တင်ဖို့ ကျနော့်ကို ကွင်းထဲထည့်လိုက်တာလို့ ထင်ပါတယ်။ ကျနော်တို့ တိုက်စစ်ကို ပိုအာရုံစိုက်ရမယ့်သဘောပေါ့။ ဘာလို့လဲဆိုတော့ ပြိုင်ဘက်နောက်တန်းမှာ နေရာလွတ်တွေ ရှိနေတယ်လေ။ ကျနော်တို့အသင်းမှ ဖာနန်ဒက်၊ ပေါ့ဘာတို့လို ဘောလုံးပေးပို့မှု ကောင်းတဲ့ ကစားသမားတွေလည်း ပိုင်ဆိုင်ထားပါတယ်။ လိုက်ပစ်ဇ်နဲ့ပွဲမှာ ကျနော်တို့ ကောင်းမွန်တဲ့ အသင်းလိုက်စွမ်းဆောင် ရည်ကိုပြသနိုင်ခဲ့ပါတယ်” လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။ ဒီပွဲစဉ်မှာ လိုက်ပစ်ဇ်အသင်းဟာ high-tempo pressing ကစားပုံနဲ့ ယူနိုက်တက်အသင်းကို ဖိအားပေးနိုင်ခဲ့ပြီး ဂရင်းဝုဒ်ရဲ့ဦးဆောင်ဂိုးကို ခွင့်ပြုပေးခဲ့ရပေမယ့် ရက်ဖို့ဒ်ဝင်မလာခင်အချိန်အထိ ယူနိုက်တက် အသင်းကို ကစားရခက်စေခဲ့ပါတယ်။  ဒါပေမယ့် ရက်ဖို့ဒ်ဝင်လာပြီးနောက်မှာတော့ ယူနိုက်တက်အသင်းက ဂိုးတွေ ဆက်တိုက်ရရှိခဲ့တာဖြစ်ပြီး တိုက်စစ်မှူး မာရှယ်ကလည်း ပင်နယ်တီကနေတစ်ဆင့် သွင်းဂိုးရရှိခဲ့ပါတယ်။
1 year Ago
Up