အမျိုးသမီးတဦးဟာ လူမှုကွန်ရက်ပေါ်မှာ လူသိများ ကျော်ကြားဖို့ သျှားစောင်းလက်ပတ် စားပြပြီး တိုက်ရိုက်ရုပ်သံလွှင့်ခဲ့ရာ သူမ စားတဲ့အရာက သျှားစောင်းလက်ပတ်မဟုတ်ဘဲ အဆိပ်သင့်ခဲ့ပြီး ဆေးရုံတင်လိုက်ရတယ်လို့ ဇွန်လ ၃၀ ရက်နေ့က ရှန်ဟိုင်းရစ္စသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
ဇန် (Zhang) လို့ အမည်ရတဲ့ အသက် ၂၆ နှစ်အရွယ် အမျိုးသမီးဟာ သျှားစောင်းလက်ပတ် အခက် ၂ ခုကို အစိမ်းစားရင် ကျန်းမာရေးကောင်းတဲ့အကြောင်း တိုက်ရိုက်ရုပ်သံလွှင့်နိုင်ဖို့အတွက် သျှားစောင်းလက်ပတ်လို့ သူမထင်ခဲ့တဲ့ အရွက်စိမ်း အခက်ကြီး ၂ ခက်ကို ဝယ်ခဲ့ပါတယ်။
သူမက ဒီအရွက်တွေကို တချက်ကိုက်ပြီးနောက် “ဒါက တကယ်ပဲကောင်းတယ်” လို့ ပြောပေမယ့် ဒုတိယတကိုက် ကိုက်လိုက်ချိန်မှာတော့ တခုခု ဆိုးဆိုးရွားရွား မှားနေပြီလို့ သိလိုက်ပြီး “ဒီအရသာက ခါးတယ်၊ တကယ်ပဲခါးတယ်” လို့ ကင်မရာကို ကြည့်ပြီး ပြောပါတယ်။
တကယ်တော့ သူမဝါးနေတဲ့အရာက သျှားစောင်းလက်ပတ်မဟုတ်ဘဲ မက္ကဆီကိုနိုင်ငံမှာ ပေါက်တဲ့ စားလို့မရတဲ့ အဆိပ်ပင် Agave Americana လို့ခေါ်တဲ့ အမေရိကန်သျှားစောင်းပင် ဖြစ်နေတာပါ။
အဲဒီအရွက်ကို တချက်ကိုက်လိုက်တာနဲ့ သူမရဲ့ပါးစပ်တွေ ထုံကျဉ်သွားပြီး လည်ပင်းကို မီးလောင်သလို ခံစားရတယ်လို့ သူမက ပြောပါတယ်။
ဆေးရုံရောက်တဲ့အချိန် သူမမှာ အနီရောင် အစက်အပြောက်တွေနဲ့ အရေကြည်ဘုတွေ ဖြစ်လာတဲ့အတွက် ဆရာဝန်တွေက သူမရဲ့ အစာအိမ်ထဲဝင်နေတဲ့ အဆိပ်ပင်တွေကို ဖယ်ထုတ်ကာ သူမရဲ့အသက်ကို ကယ်ခဲ့ရပါတယ်။
လက်ရှိအချိန်မှာတော့ သူမရဲ့အခြေအနေ ကောင်းတယ်လို့ သတင်းမှာ ရေးထားပါတယ်။
6 years Ago