သွေးအလှူရှင်

January 8, 2021

ကိုဗစ်ကာလ သွေးအလှူရှင်နည်းလာသဖြင့် ကျောက်ဆည်မေတ္တာရိပ်အသင်း သွေးလှူ 

ကိုဗစ်ကာလအတွင်း ကျောက်ဆည်ခရိုင် ပြည်သူ့ဆေးရုံကြီးမှာ သွေးအလှူရှင်တွေ မရှိသလောက်ဖြစ်သွားတာကြောင့် ကျောက်ဆည်မြို့နယ် မေတ္တာရိပ်လူမှုကူညီရေးအသင်းက ဇန်နဝါရီ ၇ ရက်နေ့မှာ စုပေါင်းသွေးလှူဒါန်းခဲ့ပါတယ်။ "ကိုဗစ်ကာလ ဆေးရုံမှာ ပုံမှန်သွေးအလှူရှင်တွေ ကိုဗစ်ကို ကြောက်ပြီး ဆေးရုံကို မလာကြ တော့တာကြောင့် သွေးအရေးပေါ်လိုအပ်သူတွေအတွက် အချိန်မီပေးနိုင်အောင် ဆေးရုံတာဝန်ရှိသူ က အကူအညီတောင်းတာကြောင့် အခုလို လာလှူဖြစ်တာ'' လို့ မေတ္တာရိပ်လူမှုကူညီရေး အသင်း ဥက္ကဋ္ဌ ကိုသက်နိုင်က ပြောပါတယ်။  အသင်းအနေနဲ့ မိမိတို့ရပ်ရွာမှာ  ကိုဗစ်နဲ့ပတ်သက်ပြီး ကူညီနိုင်ခဲ့ခြင်းမရှိပေမဲ့ သွေးလှူတာကို အခုလို ပထမဆုံးအနေနဲ့ အင်တိုက်အားတိုက်လုပ်ဖြစ်တာလို့လည်း ပြောပါတယ်။ ကိုဗစ်စည်းကမ်းသတ်မှတ်ချက်နဲ့အညီ အယောက် ၃၀ လာလှူခဲ့ပေမဲ့ သွေးတိုးရှိတာ ပေါင်ချိန်မပြည့်တာတွေရှိနေတာကြောင့် ၁၉ ယောက်ပဲ သွေးလှူနိုင်ခဲ့တယ်လို့သိရပါတယ်။ ဆေးရုံက  လူနာတွေအတွက် သွေးကိုလိုအပ်သလိုသုံးလို့ရအောင် မကြာခင်မှာ  လူ ၃၀ စီ ထပ်မံ လာရောက်လှူဒါန်းသွားဖို့ အစီအစဉ်ရှိတယ်လို့ မေတ္တာရိပ်အသင်းကပြောပါတယ်။  ဇန်နဝါရီ ၆ ရက်အထိ ကျောက်ဆည်မြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၉၈ ယောက်ရှိသွားပြီးလို့ ကျောက်ဆည်မြို့နယ် အထွေထွေဆေးရုံအုပ်ကြီး ဦးဝင်းမော်က ပြောပါတယ်။ သတင်း - နွေလှိုင်း(YU)၊ ဓာတ်ပုံ - ကိုသက်နိုင်
3 months Ago

May 12, 2020

ရန်ကုန်အမျိုးသားသွေးဌာနတွင် သွေးအလှူရှင်များလိုအပ်နေ 

COVID-19 ကပ်ရောဂါဖြစ်ပွားတဲ့ကာလအတွင်း ရန်ကုန်အမျိုးသားသွေးဌာနကို လာရောက်လှူဒါန်းတဲ့ သွေးအလှူရှင်က ၅၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့တဲ့အတွက် သွေးအလှူရှင်တွေ လိုအပ်နေပါတယ်။ အမျိုးသားသွေးဌာနမှာ သွေးလုံလောက်ဖို့ဆိုရင်တော့ တစ်ရက်ကို အလှူရှင် ၁၅၀ လိုအပ်တယ်လို့ ဆိုပါတယ်။ သွေးအလှူရှင်တစ်လာရောက်လှူဒါန်းတဲ့ သွေးက လူနာ ၃ ဦးကို ပြန်လည်ပေးဝေနိုင်ပါတယ်။  ဒါ့အပြင် သွေးအလှူရှင်တစ်ယောက်ရဲ့ လာရောက်လှူဒါန်းတဲ့ သွေးတွေကိုတော့  ၃ မျိုး ခွဲခြားတာမျိုးဖြစ်ပြီး ၄ ရက်သိုလှောင်တဲ့ သွေး ၊ ၃၅ ရက်သိုလှောင်တဲ့သွေးနဲ့ တစ်နှစ်သိုလှောင်တဲ့ သွေးဆိုပြီး သွေးရည်ကြည်အမျိုးအစားအလိုက် ခွဲခြားပြီး သိုလှောင်ထားတာဖြစ်တဲ့အတွက် လက်ရှိမှာ ၄ ရက်စာအတွက် သွေးအလှူရှင်လိုအပ်တာလို့ ရန်ကုန်အမျိုးသားသွေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာအောင်က ပြောပါတယ်။ လိုအပ်တဲ့ သွေးတွေကိုတော့ ကင်ဆာရောဂါဝေဒနာရှင်တွေနဲ့ သွေးရောဂါလူနာတွေဆေးကုသတဲ့ အချိန်မှာ အသုံးပြုပါတယ်။ သွေးရည်ကြည်  ၃  မျိုးခွဲခြားလို့ရတဲ့ သွေးအလှူရှင်တွေကတော့  အမျိုးသားသွေး အလှူရှင်တွေ အများဆုံးဖြစ်ပြီး ကိုယ်အလေးချိန် ၁၂၀ ရှိဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် အကြိမ်ပေါင်းများစွာ ရောက်လှူဒါန်းတဲ့သူလည်း ဖြစ်ရပါမယ်။ လာရောက်လှူဒါန်းတဲ့ သွေးတွေကို သိုလှောင်သိမ်းဆည်းနိုင်ဖို့ တစ်ဦးစာအတွက် နည်းပညာပိုင်းကုန်ကျစရိတ်က ကျပ် ၃၀၀၀၀ ရှိတယ်လို့ သိရ ပါတယ်။ လက်ရှိ အမျိုးသားသွေးဌာနကို လာရောက်လှူဒါန်းတဲ့ သွေးအလှူရှင်တွေကတော့ လူငယ်ပိုင်းက အများဆုံးဖြစ်ပြီး  တစ်ဦးချင်းလာရောက်လှူဒါန်းတဲ့သူတွေ ၊ စေတနာ့ဝန်ထမ်းတွေနဲ့  အဖွဲ့စည်းအလိုက် အချိုးကျ အပတ်စဉ်လာရောက်လှူဒါန်းတဲ့ သူတွေကြောင့် သွေးလိုအပ်ချက်တွေကို ဖြည့်ဆည်းပေး နိုင်တာဖြစ်တယ်လို့ ဒေါက်တာသီတာအောင်က ပြောပါတယ်။ အမျိုးသားသွေးဌာနမှာရှိတဲ့ သွေးတွေကိုတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ၊ သွေးရောဂါဌာနနဲ့ မြောက်ဥက္ကလာပဆေးရုံကြီးမှာ အများဆုံးအသုံးပြုနေတာဖြစ်ပြီး အဲဒီဆေးရုံတွေ အပါအဝင် အစိုးရဆေးရုံပေါင်း ၁၆ ရုံကို သွေးမျှဝေနေတာဖြစ်ပါတယ်။  
11 months Ago
Up