သွေးလွန်တုပ်ကွေးရောဂါ

August 18, 2020

ကယားပြည်နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၂၀၀ ကျော်ရှိ

ကယားပြည်နယ်မှာ အခု ၂၀၂၀ ပြည့်နှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၂၁၂ ဦးရှိတယ်လို့ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွန်က ပြောပါတယ်။ “ဆရာတို့ကယားပြည်နယ်မှာ ၂၀၂၀  ဇန်နဝါရီလ ကနေပြီးတော့အခုလက်ရှိ ဩဂုတ်လ အထိကို စုစုပေါင်းသွေးလွန်တုပ်ကွေးရောဂါက ၂၁၂ ဦးဖြစ်တာရှိပါတယ်။ ဆေးရုံတက်ပြီး ကုသတာပေါ့။ အဲဒီ ၂၁၂ ဦးသည် ရောဂါအနေအထားအဖြစ်ပြောရမယ်ဆိုရင် ပထမအဆင့် ရောဂါအနေနဲ့က ၁၇၃ ယောက်၊ ဒုတိယအဆင့်အနေနဲ့က ၃၇ ယောက်နဲ့ တတိယအဆင့် ရောဂါအဆင့် နည်းနည်းပိုပြင်းတဲ့ တတိယအဆင့်ကတော့ ၂ ဦးပဲရှိပါတယ်။ သေဆုံးတဲ့သူ တယောက်မှ မရှိသေးပါဘူး။ ” အခုနှစ်ရောဂါဖြစ်ပွားမှု အခြေအနေဟာ လွန်ခဲ့တဲ့ ၂၀၁၈၊ ၂၀၁၉ ခုနှစ်ထက်စာရင် ဖြစ်ပွားမှု ပိုများနေပေမယ့် တအားဆိုးဝါးတဲ့အခြေအနေ မရှိဘူးလို့လည်း ဒေါက်တာဌေးလွင်က ပြောပါတယ်။ ကယားပြည်နယ်ရှိ ၇ မြို့နယ်အနက် လွိုင်ကော်မြို့နယ်မှာ အဖြစ်များဆုံးဖြစ်ပြီး  ဒုတိယအများဆုံးက ဖားဆောင်းမြို့နယ်နဲ့ တတိယအများဆုံးဖြစ်တာက ဒီးမော့ဆိုမြိုနယ်ဖြစ်ပြီး လုံးဝ မဖြစ်တဲ့မြို့နယ်ကတော့ ရှားတောမြို့နယ်ဖြစ်ပါတယ်။ ကယားပြည်နယ်မှာ ပိုးကောင်တွေကနေ တဆင့်ကူးစက်တတ်သောရောဂါများ ကာကွယ် နှိမ်နင်းရေးဌာန (ရ.ပ.က.န)အဖွဲ့ခေါင်းဆောင် ဒေါက်တာအောင်သူထက်တော့ ခုနှစ်ဟာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ကာကွယ်တားဆီးရေးလုပ်ဆောင်ရတဲ့အပြင် သွေးလွန်တုပ်ကွေး မဖြစ်စေရေး ကြိုးပမ်းလုပ်ဆောင်ရကြောင်း ပြောပါတယ်။ “ဒီနှစ်အနေနဲ့ ကိုဗစ်-၁၉ နဲ့ သွားတိုက်နေတဲ့အခါမှာ ကိုဗစ်နဲ့သွားပြီးလူစုလူဝေးမဖြစ်အောင်၊ သွေးလွန်တုပ်ကွေးကာကွယ်ရေးတွေလည်း ထိရောက်အောင်ဆိုတဲ့အနေအထား နှစ်ခုကြားမှာ ကျနော်တို့ လှုပ်ရှားဆောင်ရွက်မှုတွေ လုပ်ခဲ့ပါတယ်။ အရင်တုန်းက ဒီလိုအခြေအနေမျိုးဆိုရင် ကျနော်တို့က ကြိုတင်ပြီးတော့ ကျနော်တို့လူစုလူဝေးကြီးနဲ့ ရပ်ကွက် အလိုက်တွေ လုပ်ပါတယ်။ ဒီနှစ်ကတော့ မလုပ်နိုင်ပါဘူး။ ကျောင်းတွေမှာလည်း မလုပ်နိုင်ဘူး။ လူစုလူဝေးဖြစ်မှာစိုးလို့ တတ်နိုင်သမျှ  ကိုဗစ်-၁၉ နဲ့လည်း သေချာကာကွယ်မှုဖြစ်အောင်လုပ်ခဲ့ကြပါတယ်။ ” ကျန်းမာရေးဌာနအနေနဲ့ ကြက်ခြေနီအဖွဲ့နဲ့ပူးပေါင်းပြီးတော့ မြို့နယ်ကျန်းမာရေး ဝန်ထမ်းတွေ (ရ.ပ.က.န) ဝန်ထမ်းတွေနဲ့ဆုံပြီးတော့ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း  ပြောပါတယ်။ အခုနှစ် မေလကစပြီး  သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားခဲ့တာဖြစ်ပြီး အခု ဩဂုတ်လမှာ ဖြစ်ပွားမှု လျော့ကျလာတဲ့အကြောင်းနဲ့ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူတွေရဲ့ ထက်ဝက်လောက်က အသက် ၁၅ အောက်တွေဖြစ်တယ်လို့ ဒေါက်တာအောင်သူထက်က ပြောပါတယ်။ ကယားပြည်နယ်မှာ ၂၀၁၉ ခုနှစ်က သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁၉၀ ဦးရှိခဲ့ပြီး ရောဂါဖြစ်ပွားမှု  အများဆုံးဖြစ်တဲ့  ၂၀၁၇ နှစ်တုန်းကတော့  ၁၁၀၃ ဦးနဲ့ သေဆုံးသူ ၂ ဦးရှိခဲ့ပါတယ်။
1 year Ago

August 13, 2020

ပုသိမ်ဆေးရုံတွင် သွေးလွန်တုပ်ကွေးရောဂါဖြင့် သေဆုံးသူမရှိဟု ပုသိမ်ဆေးရုံအုပ်ကြီး ပြော

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ဆေးရုံမှာ သြဂုတ်လအထိ သွေးလွန်တုပ်ကွေးရောဂါနဲ့ တက်ရောက်ဆေးကုသသူ ၂၁ ယောက်ရှိပြီး သေဆုံးသူတော့ မရှိဘူးလို့   ပုသိမ်ဆေးရုံအုပ်ကြီးက ပြောပါတယ်။ ပုသိမ်မြို့နယ်ကုတင် ၅၀၀ ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က “ဒီနှစ်က သွေးလွန်တုပ်ကွေးနဲ့ သံသယရှိလို့ လာတက်တဲ့သူ ၅၀ရှိပါတယ်။ နှစ်စတဲ့အချိန်က အခုအချိန်အထိ သွေးစစ်ပြီးတော့ သွေးလွန်တုပ်ကွေး ဟုတ်မဟုတ် စမ်းသပ်စစ်ဆေးတဲ့အခါမှာ သွေးလွန်တုပ်ကွေး လူနာ ၂၁ ယောက်ပဲရှိပါတယ်”လို့ ပြောပါတယ်။ အဘိတ်ဆေးတွေတော်တော်များများကို ပရဟိတအဖွဲ့တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ ပေါင်းပြီး အဘိတ်ခတ်လုပ်ငန်းကိုလုပ်ဆောင်ခဲ့တာကြောင့်  ခြင်းပေါက်ဖွားမှုနှုန်း လျော့ခဲ့ကြောင်းလည်း ပြောပါတယ်။ ဒါ့အပြင် စာသင်ကျောင်းတွေ ပိတ်ထားတာကြောင့် ကျောင်းသားတွေ စုဝေးတာမရှိဘဲ သွေးလွန်တုပ်ကွေး ဖြစ်ပွားနှုန်းလျော့ကျသွားတယ်လို့လည်း  ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က ပြောပါတယ်။ “သွေးလွန်တုပ်ကွေးက နှစ်တိုင်းသွားနေတာ မဟုတ်ဘူး။ ၃ နှစ်မှာတခါ သွေးလွန်တုပ်ကွေး က ဆိုးတဲ့နှစ်ဆိုတာ သတ်မှတ်ထားတာရှိပါတယ်။ မနှစ်က ၄၀၆ ယောက် အထိ ဖြစ်ထားတော့ ဒီနှစ် ရောဂါလျော့ကျမယ် နှစ်လည်းဖြစ်တယ်။”  သွေးလွန်တုပ်ကွေးကာကွယ်နိုင်ဖို့အတွက် မိဘတွေအနေနဲ့ ကလေးတွေကိုခြင်မကိုက်အောင် ဂရုစိုက်ဖို့၊ ခြင်တွေပေါက်ဖွားမှုမရှိအောင်လုပ်ဆောင်ဖို့ အရေးကြီးကြောင်း၊ ရေအိုးရေစည်တွေကို  ဖုံးအုပ်ထားဖို့၊ လမ်းဘေးရှိ ရေများသွန်းပစ်ဖို့၊ ပိုးလောက်လန်းတွေကို ရေစစ်နဲ့ စစ်ဖို့စတဲ့ အချက်တွေ လုပ်ဆောင်ဖို့ ကျန်းမာရေးဌာနက ပြည်သူတွေကို အသိပေးထားပါတယ်။ ၂၀၁၉  ဇန်နဝါရီ ၁ ရက်မှ သြဂုတ် ၃၁ ရက်နေ့အထိ သွေးလွန်တုပ်ကွေးဖြစ်သူ ၄၀၆ ဦးရှိပြီး သေဆုံးသူ ၃ ဦးတယ်လို့  သိရပါတယ်။ သတင်း - စည်သူမောင်မောင်
1 year Ago
More News
Up