သွေးကြွေး

September 11, 2021

ဂန့်ဂေါ အပြစ်မဲ့ပြည်သူများအတွက် သွေးကြွေးဆပ်မည်ဟု Tamu PDF(TSG) ထုတ်ပြန်

မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ ကျဆုံးခဲ့တဲ့ အပြစ်မဲ့ပြည်သူတွေအတွက် သွေးကြွေးဆပ်မယ်လို့ တမူး PDF (TSG) က ထုတ်ပြန်လိုက်ပါတယ်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ထဲမှာ စက်တင်ဘာ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေက ယောဒေသကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်ကလည်း အထိခိုက်အကျဆုံး များပြားသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအပါအဝင် ဒေသခံပြည်သူ ၄၀ နီးပါး ကျဆုံးခဲ့ကာ အကြမ်းဖက်စစ်တပ်က ရွာတွေကိုလည်း မီးရှို့ ဖျက်ဆီးခဲ့တာပါ။

စက်တင်ဘာ ၁၀ ရက်‌နေ့ ဖြစ်ပွားခဲ့တဲ့ ဂန့်ဂေါဖြစ်စဥ်အတွက် အပြစ်မဲ့ပြည်သူများသေဆုံးခဲ့ရတာနဲ့ပက်သက်ပြီး စစ်ကောင်စီနဲ့ အပေါင်းအပါမိသားစုဝင်တွေကို တမူး PDF(TSG) အနေဲ့ သွေးကြွေးဆပ်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တမူး PDF(TSG) အဖွဲ့က ထုတ်ပြန်ထားတဲ့ သပိတ်ပေးချက်ကို မော်တော်ယာဥ်တွေ လိုက်နာခြင်းမရှိဘဲ ယခင်ပုံမှန်အတိုင်း မှန်တင်တာ၊ မိုးကာအုပ်တာတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ တမူး PDF(TSG) အဖွဲ့ကို ကူညီတဲ့အနေနဲ့ အရေးကြီးအကြောင်းမရှိဘဲ ခရီးထွက်တာ၊ ကားတွေကို  မှန်ချမောင်းနှင်တာ၊ ကုန်တင်ယာဥ်တွေ မိုးကာမအုပ်တာ စတဲ့အချက်တွေကို လိုက်နာဆောင်ရွက်ပေးကြဖို့ နောက်ဆုံးအကြိမ်အနေနဲ့ အလေးအနက်အသိပေး‌ကြောင်း ထုတ်ပြန်ထားပါတယ်။

အသိပေးချက်အား လိုက်နာဆောင်ရွက်ခြင်းမရှိတဲ့ ယာဥ်တွေကို မှားယွင်းပစ်ခတ်မိပါက တမူး PDF(TSG) အဖွဲ့အနေနဲ့ တာဝန်ယူမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

1 month Ago
Up