သွင်ပြင်လက္ခဏာ

January 29, 2020

ကိုရိုနာဗိုင်းရပ်စ်၏ သွင်ပြင်လက္ခဏာ 

တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့မှာကူးစက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ခုဆိုရင် တရုတ်တနိုင်ငံလုံးက ပြည်နယ်အများစုဆီကိုသာမက အာရှ၊ ဥရောပ၊ မြောက်အမေရိကနဲ့ အာဖရိကဒေသထိ ကူးစက်နေပါပြီ။ ကိုရိုနာဗိုင်းရပ်စ်ဟာ ဗိုင်းရပ်စ်အနွယ်ဖြစ်ပြီး အဏုကြည့်မှန်ပြောင်းအောက်မှာ မြင်ရတဲ့ ပုံစံအတိုင်း နာမည်မှည့်ခေါ်ထားတာပါ။ လုံးဝိုင်းတဲ့ပုံစံရှိပြီး မျက်နှာပြင်ပေါ်မှာ သရဖူပုံ အချွန်အတက်တွေနဲ့ ဖုံးအုပ်ထားပါတယ်။ ကူးစက်ခံရချိန်မှာ ဖျားတာ၊ ချောင်းဆိုးတာ၊ အသက်ရှူမြန်တာနဲ့ အသက်ရှူရခက်တာတွေ ခံစားရပါတယ်။ ရောဂါနုချိန်မှာ အအေးမိတဲ့လက္ခဏာမျိုး ခံစားရပေမယ့် ပြင်းထန်လာခဲ့ရင် အဆုတ်ရောင်တာ၊ ဆိုးရွားပြင်းထန်တဲ့ အသက်ရှူလမ်းကြောင်းရောဂါ၊ ကျောက်ကပ် ပျက်စီးတာနဲ့ သေဆုံးတာထိ ဖြစ်စေနိုင်ပါတယ်။ တခြား ကိုရိုနာဗိုင်းရပ်စ်တွေလိုပဲ တရုတ်နိုင်ငံမှာ အသစ်တွေ့ရှိ ပြန့်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ လူကနေ လူကို ကူးစက်နိုင်ပြီး အသက်ရှူတာ၊ ချောင်းဆိုးတာနဲ့ နှာချေရာက ထွက်တဲ့ အရည်အစက်မှုန်လေးတွေကနေတဆင့် ကူးစက်နိုင်ပါတယ်။ ဒါ့အပြင် တံခါးလက်ကိုင်တွေနဲ့ လက်ကိုင်တန်းတွေလို ညစ်ပတ်တဲ့ မျက်နှာပြင်တွေကနေ တဆင့်လည်း ကူးစက်နိုင်ပါတယ်။ ဒီဗိုင်းရပ်စ်ဟာ ရောဂါပျိုးချိန် ၁ ရက်ကနေ ၁၄ ရက်ကြာ အချိန်ယူပြီး ကူးစက်ခံထားရရင် ရောဂါလက္ခဏာ မပြဘဲလည်း ကူးစက်နိုင်ပါတယ်။ လက်ရှိ စစ်ဆေးတွေ့ရှိချက်အရ ပျမ်းမျှအားဖြင့် ကူးစက်ခံ လူတယောက်ကနေ နောက်ထပ် လူ ၂ ယောက် ၃ ယောက်ထိ ကူးစက်နိုင်တယ်လို့ ကူးစက်ရောဂါနဲ့ ဗိုင်းရပ်စ် အထူးပြုပညာရှင်တွေက ခန့်မှန်းထားပါတယ်။ ဗိုင်းရပ်စ်သစ် ကူးစက်မှု ရှိ၊ မရှိ စမ်းသပ်ဖို့ နမူနာကို အင်မတန် နေမကောင်းဖြစ်နေတဲ့ လူနာရဲ့ လည်ချောင်းက အရည်တွေ၊ ချောင်းဆိုးရာက ထွက်တဲ့ အရည်တွေ၊ သွေးတွေရဲ့ နမူနာကို ရယူပြီး (RT-PCR) နည်းနဲ့ စစ်ဆေးသိရှိနိုင်ပါတယ်။
1 year Ago
Up