သြစတြေးလျလူဦးရေ ၂၅ သန်းလုံးကို ကိုဗစ်-၁၉ ကာကွယ်ဆေး အခမဲ့ဖြန့်ဝေသွားဖို့ သြစတြေးလျအစိုးရက စီစဉ်နေပါတယ်။
ဒါပေမဲ့ ကာကွယ်ဆေးထိုးပေးမယ့် လူစာရင်းကို ဆေးဘက်ဆိုင်ရာအဖွဲ့က ဆုံးဖြတ်သွားမှာ ပါ။
သြဂုတ် ၁၉ ရက်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အများဆုံး ဗစ်တိုးရီးယားပြည်နယ်မှာ အသစ်ကူးစက်သူတွေ လျော့ကျခဲ့ပြီး အစိုးရကလည်း ဗြိတိန်ဆေးကုမ္ပဏီ အက်စ်ထရာ ဇန်နက်ကာဆီကနေ ကာကွယ်ဆေးဝယ်ဖို့ လက်မှတ်ရေးထိုးခဲ့ပါတယ်။
“ကာကွယ်ဆေးစမ်းသပ်မှု အောင်မြင်မယ့် အနေအထားရှိရင် ရှေ့နှစ်အစောပိုင်းမှာ ကာကွယ်ဆေးရဖို့ မျှော်လင့်ပါတယ်။ အဲဒီအချိန်ထက် ပိုစောရင် သိပ်ကောင်းတယ်” လို့ ဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က ပြောဆိုပါတယ်။
ကာကွယ်ဆေးထုတ်လုပ်တဲ့ စမ်းသပ်မှုကနေ အခုထိ ရလဒ်ကောင်းမွန်တယ်လို့ ပြီးခဲ့တဲ့ လကပဲ အက်စ်ထရာဇန်နက်ကာ ကုမ္ပဏီက ပြောဆိုခဲ့ပါတယ်။
ကုမ္ပဏီရဲ့ကာကွယ်ဆေး လူသားစမ်းသပ်မှုကို အတိုင်းအတာကြီးကြီးမားမားနဲ့ လုပ်ဆောင်နေပြီး ကာကွယ်ဆေးပြိုင်ပွဲမှာ ရှေ့က ဦးဆောင်နေတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်နေပါတယ်။
6 months Ago