သြစတြေးလျနဲ့တရုတ်နိုင်ငံသား

February 13, 2020

တရားမဝင်ရွှေတူးသည့်  သြစတြေးလျနှင့် တရုတ်နိုင်ငံသား ၂ ဦးကို ပီရူးအာဏာပိုင်များ ဖမ်းဆီး

ပီရူးနိုင်ငံမှာ တရားမဝင်ရွှေတူးဖော်မှုနဲ့ သြစတြေးလျနဲ့တရုတ်နိုင်ငံသား နှစ်ယောက်ကို အာဏာပိုင်တွေက ဖေဖော်ဝါရီ ၁၁ ရက်မှာ ဖမ်းဆီးလိုက်ပါတယ်။  အာဏာပိုင်တွေက မြို့နှစ်မြို့မှာ အမေရိကန်ဒေါ်လာ ၁၀ သန်းနီးပါး တန်ဖိုးရှိတဲ့ ရွှေတုံးတွေ ကို သိမ်းဆည်းခဲ့ပြီး သံသယရှိသူ ၁၇ ယောက်ကို ဖမ်းဆီးခဲ့တာပါ။  ဖမ်းဆီးခံရသူတွေဟာ တရားမဝင် ရွှေတူးဖော်တင်ပို့လုပ်ငန်းလုပ်ကိုင်ပြီး ရွှေတွေကို ဥရောပနဲ့အာရှဆီ တင်ပို့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။  အဲဒီ အဖွဲ့ကို ပီရူးနိုင်ငံသား တယောက် ဦးစီးပြီး တရုတ်နိုင်ငံသားနဲ့တရုတ်အနွယ် သြစတြေးလျနိုင်ငံသားတို့က ငွေကြေးထောက်ပံ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။  အဲဒီတရားမဝင် ရာဇဝတ်ဂိုဏ်းကွန်ရက်ကို မိသားစု ၄ စုက ဦးစီးပြီး ပတ်တာပြည်နယ်မှာ တရားမဝင် ရွှေထုတ်ပါတယ်။  အဲဒီနောက် တူးဖော်ရရှိတဲ့ ရွှေတွေကို အာရေကီတာ ၊ အီကာစတဲ့ မြို့တွေက စက်ရုံတွေမှာ သန့်စင်ပါတယ်။  နိုင်ငံခြားသားနှစ်ယောက်ကတော့ အဲဒီရွှေတွေကို ဝယ်ယူတယ်လို့ ပီရူးရဲတပ်ဖွဲ့က ပြောပါတယ်။  ပီရူးရဲတပ်ဖွဲ့ဟာ ဂိုဒေါင်တွေကနေ ရွှေတုံးအလေးချိန် ကီလို ၂၀၀ ကို သိမ်းဆည်းရမိပြီး  အဲဒီရွှေတုံးတွေကို တရုတ် ၊ ဒူဘိုင်း ၊ ဂျာမနီ ၊ဟော်လန် ၊ အိန္ဒိယနဲ့ ဆွစ်ဇာလန်ကို တင်ပို့တာ ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။  
1 year Ago
Up