သြစတြေးလျရဲ့ အကြီးဆုံး အမဲသားထုတ်လုပ်ရေး ကုမ္ပဏီ ၄ ခုက သွင်းကုန်တွေကို တရုတ်အစိုးရက ယာယီရပ်ဆိုင်းလိုက်ပါတယ်။
စစ်ဆေးရေးနဲ့ ရောဂါတားဆီးရေး လိုအပ်ချက်တွေအပေါ် သြစတြေးလျကုမ္ပဏီတွေ ချိုးဖောက်တဲ့ ဖြစ်ရပ်တွေကို တရုတ်အကောက်ခွန်အေဂျင်စီက ဆက်တိုက်တွေ့ရှိပြီးနောက် တရုတ် စားသုံးသူတွေ ဘေးကင်းရေးနဲ့ ကျန်းမာရေးအတွက် သွင်းကုန်တွေကို ယာယီ ရပ်ဆိုင်းတာလို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က မေလ ၁၂ ရက်မှာ ပြောပါတယ်။
အခုလို သြစတြေးလျ အမဲသားသွင်းကုန်တွေအပေါ် ခေတ္တ ဆိုင်းငံ့တာဟာ ကပ်ရောဂါနဲ့ပတ်သက်လို့ နှစ်နိုင်ငံအကြား အငြင်းပွားနေတာနဲ့ မသက်ဆိုင်ဘူးလို့လည်း ကျိုးလီကျန်းက ဆိုပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားရခြင်း အကြောင်းရင်းကို သီးခြားလွတ်လပ်စွာ စုံစမ်းစစ်ဆေးဖို့ သြစတြေးလျအစိုးရက တောင်းဆိုပြီး ရက်ပိုင်းအကြာမှာ အခုလို သြစတြေးလျ သွင်းကုန်တွေကို တရုတ်ဘက် ခေတ္တရပ်ဆိုင်းလိုက်တာပါ။
သွင်းကုန် ရပ်ဆိုင်းခံလိုက်ရတဲ့အပေါ်မှာ စိတ်ပျက်မိတယ်လို့ သြစတြေးလျ ကုန်သွယ်ရေး ဝန်ကြီးက ပြောဆိုခဲ့ပေမယ့် ဒါဟာ ကိုရိုနာဗိုင်းရပ်စ် စုံစမ်းရေးနဲ့ ပတ်သက်လို့ တရုတ်အစိုးရက ဒဏ်ခတ်တယ်ဆိုတာကိုတော့ သူက ငြင်းဆိုခဲ့ပါတယ်။
11 months Ago