သံကြိုးခတ် ဆန္ဒပြ

December 7, 2016

ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင်များ ပြန်လွှတ်ပေးရန် ကိုယ့်ကိုယ်ကိုယ် သံကြိုးခတ် ဆန္ဒပြ

ထောင်ချခံ ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင်တွေရဲ့ ဇနီးသည်တွေနဲ့ မိခင်တဦးဟာ ဗာတီကန်က စိန့်ပီတာရင်ပြင်မှာ ဒီဇင်ဘာ ၄ ရက်နေ့က သူတို့ကိုယ်သူတို့ သံကြိုးနဲ့ ခတ်ပြီး ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။ ဗင်နီဇွဲလားနိုင်ငံအတွင်း ထောင်ချခံထားရတဲ့ ထောင်နဲ့ချီတဲ့ နိုင်ငံရေးသမားတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြတာပါ။ သူတို့မိသားစုတွေရဲ့ ဓာတ်ပုံတွေနဲ့ စာတမ်းတွေကိုလည်း သူတို့နားမှာ ဝန်းရံထားပါတယ်။ နိုင်ငံရေးသမား လီယိုပိုဒို လိုပဲ့ဇ်ရဲ့ ဇနီး လီလီယံ တင်တိုရီက တောင်းဆိုချက်နဲ့ သူတို့လုပ်ပုံကို တွစ်တာ လူမှုကွန်ရက်ကနေ တိုက်ရိုက် ထုတ်လွှင့်ခဲ့တာပါ။ ဘယ်လောက်ကြာကြာ ဆန္ဒပြမယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ စီးပွားရေး အကြီးအကျယ်ကျနေတဲ့ ဗင်နီဇွဲလားနိုင်ငံအတွင်း လက်ရှိအာဏာရ ဆိုရှယ်လစ်ပါတီနဲ့ ဗာတီကန်နန်းတော်က ကျောထောက်နောက်ခံပေးထားတဲ့ အတိုက်အခံတို့ကြား ဆွေးနွေးပွဲတွေ အရင်လက စခဲ့ပါတယ်။ နိုင်ငံတွင်း ကွဲပြားမှုမြင့်နေလို့ တင်းမာမှုတွေ ပြေလျော့စေရေး ဗာတီကန်အစိုးရက ကြားဝင် စေ့စပ်ပေးနေပါတယ်။ ဒီသီတင်းပတ်ထဲမှာ တိုးတက်မှုတွေကို သုံးသပ်ဖို့ နောက်တကြိမ် ဆွေးနွေးဖို့လည်း ရှိနေပါတယ်။ နိုင်ငံရေးအကျဉ်းသားလို့ အတိုက်အခံတွေက ပြောပေမယ့် သမ္မတ မာဒူရိုကတော့ သူတို့ကို ရာဇဝတ်သားတွေလို့ ပြောပါတယ်။ အစည်းအဝေး စကတည်းက ခုထိ ဖမ်းဆီးထားတဲ့အထဲက လက်တဆုပ်စာ နိုင်ငံရေးသမားတွေကိုသာ ပြန်လွှတ်ပေးပါသေးတယ်။ ဒေသခံ လူ့အခွင့်အရေးအုပ်စုရဲ့ ရာဇဝတ်မှုဖိုရမ်က နိုင်ငံတွင်းမှာ နိုင်ငံရေးအကျဉ်းသား ၁၀၈ ဦး ရှိတယ်လို့ ပြောပါတယ်။ အတိုက်အခံပါတီများ ညွန့်ပေါင်းအဖွဲ့ (MUD) ကတော့ နိုင်ငံရေးအကျဉ်းသား ၁၃၅ ဦး ရှိတယ်လို့ ပြောပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေထဲက အထင်ရှားဆုံးက လိုပဲ့ဇ်ဖြစ်ပြီး မာဒူရိုအစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲအတွက် အားပေးခဲ့မှုနဲ့ ၂၀၁၄ ကတည်းက စစ်ထောင်ထဲမှာ ၁၃ နှစ် ပြစ်ဒဏ်စီရင်ခံထားရပါတယ်။ ဗင်နီဇွဲလားမြို့တော် ကာရာကက်စ်ရဲ့ မြို့တော်ဝန် လေဒဲ့ဇ်မာကတော့ ဆိုရှယ်လစ်အစိုးရကို ဆန့်ကျင်ဖို့ လျှို့ဝှက်ပူးပေါင်းကြံစည်မှု စွဲချက်နဲ့ ၂၀၁၅ ကတည်းက နေအိမ်အကျယ်ချုပ် ကျခံနေရပါတယ်။
5 years Ago
Up