သံသယရှိ လူနာ

January 30, 2020

ဖိလစ်ပိုင်တွင် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ  ၂၄ ဦးတွေ့ရှိ 

လတ်တလော ဖိလစ်ပိုင်နိုင်ငံထဲမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတာမရှိသေးပေမဲ့ သံသယရှိ လူနာ ၂၄ ယောက်ကိုတော့ စောင့်ကြည့်စစ်ဆေးနေတယ်လို့ ကျန်းမာရေးအရာရှိတွေက ပြောပါ တယ်။ ကိုရိုနာဗိုင်းရပ်စ်သစ်က ကမ္ဘာ့နိုင်ငံပေါင်း ၁၇နိုင်ငံကို ကူးစက်နေချိန်မှာပဲ ဖိလစ်ပိုင်နိုင်ငံရဲ့ မြို့တော် မနီလာက တရုတ်ဘာသာသင်ကျောင်းမှာ ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေမျက်နှာဖုံး တပ်ဖို့ ဇန်နဝါရီ ၂၈ရက်က စတင်သတ်မှတ်လိုက်ပါတယ်။ တရုတ်နိုင်ငံကလာတဲ့ခရီးသည်တွေကို ဆိုက်ရောက်ဗီဇာ ပြည်ဝင်ခွင့် မပေးတော့ဘဲ ရပ်ဆိုင်းထားပြီး တခြားခေါင်းစဉ်နဲ့ ပြည်ဝင်ခွင့်ကိုတော့ ပေးထားပါတယ်။   အရှေ့တောင်အာရှဒေသထဲမှာ ဖိလစ်ပိုင်လိုပဲ လာအို၊ မြန်မာနဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာလည်း ကူးစက်ခံလူနာ မရှိသေးပေမယ့် လူနာအတော်များများကိုတော့ သံသယရှိလို့ စောင့်ကြည့် စစ်ဆေး နေပါတယ်။ ကူးစက်လူနာတွေ့ခဲ့ရင် သီးခြား ခွဲထားပြီး ကုသဖို့ ဆေးရုံတွေကိုလဲ အသင့်ပြင်ထားပါတယ်။  အင်ဒိုနီးရှားနိုင်ငံက လိုင်းယန်းအဲလေကြောင်းလိုင်းက တရုတ်နိုင်ငံဆီ လေကြောင်း ခရီးစဉ်တွေကို ဆိုင်းငံ့ထားပြီး သူ့နိုင်ငံသားတွေ တရုတ်နိုင်ငံဆီ ခရီးမသွားကြဖို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။ တရုတ်နိုင်ငံကနေ ရောက်လာတဲ့ ဆိုက်ရောက်ခရီးသည်တွေကို ပြည်ဝင်ခွင့် ပေးသင့်မပေး သင့်ကို လူဝင်မှုကြီးကြပ်ရေးဌာနက အကဲဖြတ်နေပါတယ်။ လာအိုနိုင်ငံကတော့ နယ်စပ်တလျှောက်မှာ စောင့်ကြည့်ရေးဌာနတွေ ဖွင့်ပြီး   ခရီးသည်တွေကို ကိုယ်ပူချိန် စစ်ဆေးဖို့ တာဝန်ချထားပါတယ်။ မြန်မာနိုင်ငံမှာလည်း နယ်စပ်ဖြတ်သန်းရေးစခန်းတွေနဲ့ လေဆိပ်တွေမှာ ခရီးသည်တွေကို ကျန်းမာရေး စစ်ဆေးနေပါတယ်။ နိုက်ကလပ်လို လူစုမယ့်နေရာတွေကို ပိတ်ထားပေမယ့် တရုတ်နဲ့ နယ်စပ်မြို့တွေမှာ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့လာမှာကို စိုးရိမ်မှုတွေ ရှိနေဆဲပါ။   မလေးရှားနိုင်ငံမှာတော့ ကူးစက်ခံလူနာ ၈ ယောက် တွေ့ထားပြီး ရောဂါ စတင်ကူးစက်ရာ တရုတ်နိုင်ငံ ဟူဘေးပြည်နယ်က ရောက်လာတဲ့ခရီးသည်တွေကို ဆိုက်ရောက်ဗီဇာ ပြည်ဝင်ခွင့် မပေးတော့ဘဲ ရပ်ဆိုင်းထားပါတယ်။  စင်ကာပူနိုင်ငံမှာတော့ ရောဂါ ကူးစက်ခံနေရသူ ၁၀ ဦးရှိတယ်လို့ အစိုးရက အတည်ပြုထားပြီး လူနာတွေ နေခဲ့တဲ့အခန်းတွေကို ပိုးသတ်ထားပါတယ်။ ပြီးခဲ့တဲ့ ၁၄ ရက်အတွ်း တရုတ်နိုင်ငံ ဟူဘေးပြည်နယ်ကို သွားရောက်ခဲ့ဖူးတဲ့ ဘယ်ခရီးသည်ကိုမဆို စင်ကာပူနိုင်ငံထဲ ဝင်ရောက်ခွင့် တားမြစ်ပိတ်ပင်ထားပါတယ်။ ဒါ့အပြင်စင်ကာပူကို အရင်က ပြည်ဝင်ခွင့်ရဖူးသူ မဟုတ်ရင် ဘယ်လို ခရီးသည်ကိုမဆို ပြည်ဝင်ခွင့် မပေးဘဲ တားမြစ်ထားပါတယ်။  ပြည်ဝင်ခွင့်ဗီဇာနဲ့ ဟူဘေးက ရောက်လာတဲ့လူတိုင်းကိုလည်း စင်ကာပူနိုင်ငံထဲမှာ သီတင်းပတ် ၂ ပတ်ကြာ ရောဂါခြေချုပ်နဲ့ သီးခြားနေဖို့ အမိန့်ထုတ်ထားပါတယ်။   ထိုင်းနိုင်ငံကတော့ တရုတ်ကလာတဲ့ ခရီးသည်အားလုံးကို ကျန်းမာရေး စစ်ဆေးနေပါတယ်။ လေဆိပ်တွေမှာလည်း ခရီးသည်အားလုံးကို ကိုယ်ပူချိန် စစ်ဆေးတဲ့စက်တွေ တပ်ဆင်ထားပါတယ်။   တရုတ်နိုင်ငံက ရောက်လာတဲ့ ခရီးသည်တွေကို ဝန်ဆောင်မှုပေးနေတဲ့ ဒေသခံ ဧည့်လမ်းညွှန်တွေ အားလုံးကိုလည်း ကျန်းမာရေး စစ်ဆေးခဲ့ပါတယ်။   ထိုင်းနိုင်ငံဟာ တရုတ်နိုင်ငံပြင်ပမှာ ကူးစက်ခံ အများဆုံးနိုင်ငံဖြစ်ပြီး လူ ၁၄ယောက် ဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ အတည်ပြု ထားပါတယ်။  ဗီယက်နမ်နိုင်ငံမှာတော့ ဗိုင်းရပ်စ်ကူးစက်ခံ ၂ ယောက်ရှိတယ်လို့ အတည်ပြုထားပြီး တခြားလူနာ ၂၄ယောက်ကို ရောဂါခြေချုပ်နဲ့ ထားရှိ စစ်ဆေး စောင့်ကြည့် နေပါတယ်။ 
1 year Ago
Up