သံသယရှိသူ ၃ ဦး

October 26, 2019

ကုန်တင်ကားထဲက အလောင်း ၃၉ လောင်းအမှု သံသယရှိသူ ၃ ဦးကို ဗြိတိန်ရဲ ထပ်မံဖမ်းဆီး

ကုန်တင်ကားနောက်ခန်းအတွင်း တွေ့ရတဲ့ လူ ၃၉ ဦး ရုပ်အလောင်းအမှုနဲ့ ပတ်သက်လို့ အောက်တိုဘာ ၂၅ ရက်နေ့က ဗြိတိန်ရဲတပ်ဖွဲ့ဟာ သံသယရှိသူ ၃ ယောက်ကို ထပ်မံဖမ်းဆီးလိုက်ပါတယ်။ ရဲတပ်ဖွဲ့ဟာ အင်္ဂလန်အနောက်မြောက်ပိုင်း ဝါရင်တန်မြို့ နေအိမ်တခုကို ဝင်ရောက်ရှာဖွေပြီး အသက် ၃၈ နှစ်အရွယ် အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးနဲ့ အိုင်ယာလန်မြောက်ပိုင်းက အသက် ၄၈ နှစ်အရွယ် အမျိုသားတဦးကိုလည်း ထပ်မံဖမ်းဆီးထားပါတယ်။  အမှုနဲ့ပတ်သက်ပြီး ကားဒရိုင်ဘာအပါအဝင် ဖမ်းဆီးထားတာ ၄ ယောက်ရှိပြီ ဖြစ်ပါတယ်။ သူတို့တွေကို လူကုန်ကူးမှုမှာ ပူးပေါင်းကြံစည်မှု၊ လူသတ်မှု သံသယနဲ့ ဖမ်းဆီးခဲ့ပါတယ်။ ကုန်ကားအတွင်းက ရုပ်အလောင်းတွေကိုတော့ စက်မှုဇုန်နီး ဆိပ်ကမ်းတခုက ဆေးရုံရင်ခွဲရုံဆီ ပို့ဆောင်ခဲ့ပါတယ်။ အဲဒီနေရာမှာ သူတို့ ဘယ်လို သေဆုံးခဲ့လဲဆိုတဲ့ သေမှုသေခင်း စုံစမ်းရေးကို လုပ်ဆောင်နေသလို သေဆုံးသူတွေ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတဲ့ စုံစမ်းရေးကိုလည်း လုပ်နေပါတယ်။ သေဆုံးသူတွေထဲက  ၁၀ ယောက်ထက်မနည်းဟာ ဗီယက်နမ်က ဖြစ်တယ်ဆိုတဲ့  စိုးရိမ်မှုတွေလည်း ပေါ်ထွက်နေပါတယ်။ ဗီယက်နမ်မှာရှိတဲ့ မိသားစု ၁၀ စုကနေ သူတို့ဆွေမျိုးတွေ ပျောက်နေတယ်ဆိုတဲ့ သတင်းကို ဗြိတိန်ရှိ VietHome ဆိုတဲ့ ဗီယက်နမ်အဖွဲ့အစည်းက ရရှိထားတယ်လို့ ရိုက်တာသတင်းက  ဖော်ပြပါတယ်။
2 years Ago
Up