သံသယရှိကြောင်း အစိုးရပြော

October 8, 2016

ဖင်လန်လေပိုင်နက်ထဲသို့ ရုရှားတိုက်လေယာဉ် ၀င်ခဲ့ဟု သံသယရှိကြောင်း အစိုးရပြော

ဘောလ်တစ်ပင်လယ်ထဲက ဖင်လန်လေပိုင်နက်ထဲကို ရုရှားရဲ့ SU-27 တိုက်လေယာဉ် တွေ ချိုးဖောက်ဝင်ရောက်ခဲ့တယ်လို့ သံသယရှိကြောင်း ဖင်လန်အစိုးရက သောကြာနေ့မှာ ပြောပါတယ်။ ဒီအရေးနဲ့ ပတ်သက်ပြီး အလေးအနက်ထားတယ်လို့လည်း ပြောပါတယ်။ ဖင်လန်နဲ့ အမေရိကန်တို့ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ပိုနီးနီးကပ်ကပ် လုပ်ဆောင်ရေး သဘောတူညီချက်ကို လက်မှတ်ထိုးဖို့ ပြင်ဆင်နေချိန် ကြာသပတေးနေ့က ခုလိုဖြစ်ခဲ့တာပါ။ ၂၀၁၄ ယူကရိန်း အကြပ်အတည်းအပြီး အလားတူ ချိုးဖောက်မှုတွေအတွက် ဖင်လန်က ရုရှားကို စွပ်စွဲခဲ့ဖူးပါတယ်။ တရက်တည်းမှာ သံသယဖြစ်ဖွယ် ချိုးဖောက်မှု ၂ ခု ရှိခဲ့တာ တကယ့်ကို ထူးခြားတယ် ဒီဖြစ်ရပ်တွေကို ဖင်လန် အစိုးရက စုံစမ်းစစ်ဆေးနေတယ်လို့ ဖင်လန် ကာကွယ်ရေးဝန်ကြီး ဂျက်စီနီးနစ်စတိုက ရိုက်တာစ်သတင်းဌာနကို တယ်လီဖုန်းနဲ့ ပြောပါတယ်။ ရုရှား အစိုးရကတော့ သူ့လေယာဉ်တွေဟာ ဘယ်လိုချိုးဖောက်မှုမှ မလုပ်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ ဧပြီလကလည်း ရုရှား စစ်လေယာဉ်တွေဟာ ဘောလ်တစ် ပင်လယ်ထဲမှာ အမေရိကန် ပဲ့ထိန်း ဒုံးကျည်သုံး ဖျက်သင်္ဘော အနားကနေကပ်ပြီး ပျံသန်းခဲ့ပါသေးတယ်။ ဖင်လန်နဲ့ ရုရှားဟာ အရှည် ၈၁၂မိုင်ကျော် နယ်နမိတ်ချင်း ထိစပ်နေတာပါ။ ဒါကြောင့် ရုရှားရဲ့ ဒေသတွင်း စစ်ရေးလှုပ်ရှားမှုတွေကို ဖင်လန်က စိုးရိမ်နေလို့ ဆွီဒင်နဲ့ နေတိုးတို့ ကာကွယ်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ တင်းတင်းကြပ်ကြပ် လုပ်နေပါတယ်။ အမေရိကန် ကာကွယ်ရေးဒုဝန်ကြီး ရောဘတ်ဝါ့ခ်ဟာ ဖင်လန်မြို့တော် ဟယ်လ်စင်ကီမြို့ကို သောကြာနေ့မှာ ရောက်လာပြီး ဖင်လန်နဲ့ ပူးပေါင်း ဆောင်ရွက်ရေး သဘော တူညီချက်ကို လက်မှတ်ထိုးဖို့ ရှိပါတယ်။ စစ်ရေးအထောက်အပံ့ပေးမယ့် ကတိတော့ မပါပေမယ့် စစ်ရေး သင်တန်းနဲ့ သတင်းအချက်အလက် မျှဝေမှု စတဲ့ နယ်ပယ်တွေတော့ ပါဝင်ပါတယ်။
6 years Ago
Up