လန်ဒန်ရထား ဗုံးဖောက်မှုနဲ့ စပ်လျဉ်းပြီး အကြမ်းဖက် သံသယရှိသူ အသက် ၁၈ နှစ်အရွယ် အမျိုးသားတဦးကို ဖမ်းမိပြီလို့ သိရပါတယ်။
အမျိုးသားကို စက်တင်ဘာ ၁၆ ရက်နေ့က ဒိုဘာဆိပ်ကမ်းနယ်မြေမှာ အင်္ဂလန်နိုင်ငံ အရှေ့တောင်ပိုင်း ကန့်ကောင်တီမှ ရဲတွေက ဖမ်းဆီးလိုက်ပြီး ဒေသရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးမှုက သိသိသာသာရှိခဲ့ပေမယ့် အကြမ်းဖက်ခြိမ်းခြောက်မှုကတော့ “အရေးကြီး အန္တရာယ်ရှိတဲ့ အခြေအနေ” အဆင့်မှာ ဆက်ရှိနေတုန်းပဲလို့ မက်ထရိုပိုလီတန် ဒုလက်ထောက်ကော်မရှင်နာ ရဲအရာရှိဖြစ်သူ နေးလ်ဘာစူက ပြောလိုက်ပါတယ်။
ပါဆင်စ်ဂရင်းမြေအောက်ရထားဘူတာရုံက ရထားပေါ်မှာ မနေ့က ပေါက်ကွဲမှုဖြစ်ခဲ့ပြီး လူ ၃၀ ဒဏ်ရာရခဲ့ပါတယ်။ လူအများစုက အသေးစားထိခိုက်ဒဏ်ရာတွေ ရရှိကာ ဆေးကုသခံယူပြီး ဆေးရုံက ဆင်းသွားပြီလို့ လန်ဒန်အရေးပေါ် ဝန်ဆောင်မှုလုပ်ငန်းက ပြောလိုက်ပြီး ၃ ဦးကတော့ ဆေးရုံပေါ်မှာ ဆက်ရှိနေသေးတယ်လို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့တွေက သူတို့ရဲ့ လုံခြုံရေးအကာအကွယ်ပေးမှု အတိုင်းအတာကို အပြောင်းအလဲ မလုပ်သေးပဲ ဒီအဆင့်ကနေ နောက်ထပ်လက်နက်ကိုင် အရာရှိတွေ ထပ်တိုးမြှင့်ထားရှိမယ်လို့ မစ္စတာဘာစူက ပြောပါတယ်။
“ဒီဖမ်းဆီးမှုက ကျနော်တို့ အရာရှိတွေအတွက် နောက်ထပ်လုပ်ဆောင်မှုတွေ လုပ်ဖို့ ရှိလာမယ်” လို့ မစ္စတာဘာစူက ဖြည့်ပြောလိုက်ပါတယ်။
“နောက်ထပ် ပြင်းပြင်းထန် စုံစမ်းမှုတွေ လုပ်ဖို့အတွက် ဒီအဆင့်မှာ ကျနော်တို့ ဖမ်းဆီးထားတဲ့ လူနဲ့ပတ်သက်ပြီး အသေးစိတ်ကို ပြောမှာ မဟုတ်ဘူး” လို့ မစ္စဘာစူက ပြောပါတယ်။
ခုချိန်ထိ လူထုထဲမှ မျက်မြင်သက်သေ ၄၅ ဦးနဲ့ စကားပြောဆိုပြီး ရုပ်ပုံတွေနဲ့ ဗွီဒီယိုရုပ်သံ ၇၇ ခု လက်ခံရရှိထားတယ်လို့ ဆိုပါတယ်။ ပြည်သူတွေအနေနဲ့ ဘယ်သတင်းအချက်အလက်မဆိုနဲ့ ရုပ်သံတွေ ပေးအပ်ဖို့နဲ့ ရဲတွေကို ဆက်သွယ်ဖို့ လိပ်စာပေး တိုက်တွန်းထားကြောင်း မက်ထရိုပိုလီတန်ရဲတွေက ပြောတယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago