သံသယရှိစာရင်းသွင်းခံရ

February 23, 2017

ကင်ဂျုံနမ်လုပ်ကြံခံရမှု မြောက်ကိုရီးယား ထိပ်ပိုင်းသံအမတ်တဦး သံသယရှိစာရင်းသွင်းခံရ

ကင်ဂျုံနမ် လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး မြောက်ကိုရီးယား ထိပ်ပိုင်းသံအမတ်တဦးကို မေးခွန်းမေးဖို့ မလေးရှားရဲတွေရဲ့ အမည်စာရင်း သွင်းခံရထားတယ်လို့ ဘီဘီစီရဲ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့ သတင်းမှာ ဖော်ပြထားပါတယ်။ လေကြောင်းဝန်ထမ်းတဦးနဲ့အတူ ဒီလုပ်ကြံမှုကို လုပ်ဆောင်ကြတဲ့ မြောက်ကိုရီးယား လူမျိုး ၃ ဦးထဲက သံအမတ်ဟရုန်ကွမ်န်ဆုန်ဟာ တဦးဖြစ်တယ်လို့ ဆိုပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ဖအေတူမအေကွဲ ညီအစ်ကို ကင်ဂျုံနမ်ဟာ ကွာလမ်လမ်ပူ လေဆိပ်မှာ အမျိုးသမီး ၂ ဦးက သူ့ကို အဆိပ်အဝတ်နဲ့ အုပ်ပြီး သတ်လို့ သေဆုံးသွားခဲ့ရတယ်ဆိုတာကိုလည်း မလေးရှားရဲတွေက အတည်ပြုပြောခဲ့ပါတယ်။ မလေးရှားမှာရှိတဲ့ မြောက်ကိုရီးယား သံရုံးကတော့ ဒီစွပ်စွဲချက်ကို ဒေါသတကြီး ငြင်းဆန်လိုက်ပါတယ်။ မြောက်ကိုရီးယားသံရုံးက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ အမျိုးသမီးနှစ်ဦးရဲ့ လက်ထဲမှာ ရှိတဲ့အရာကို စစ်ဆေးချက်က အဆိပ် မဟုတ်နိုင်ဘူးလို့ ပြောလိုက်ပြီး “အပြစ်မဲ့တဲ့ အမျိုးသမီးတွေ” နဲ့ မြောက်ကိုရီးယားအမျိုးသားကို ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။ ဖေဖော်ဝါရီ ၂၂ ရက်နေ့ အစောပိုင်းက ကွာလာလမ်ပူမှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ မလေးရှားရဲချုပ် ခါလစ်ဒ်အဘူဘာကာက ယခင်ကြေညာထားတဲ့ သံသယရှိသူတွေအပြင် နောက်ထပ် သံသယရှိသူ မြောက်ကိုရီးယား ၃ ဦးကို သူတို့ ရှာဖွေနေကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ရှာဖွေနေတဲ့ သံသယရှိသူ မြောက်ကိုရီးယား သုံးဦးထဲက တစ်ဦးက သံအမတ်ဟရုန်ကွမ်န်ဆုန် အသက် ၄၄ နှစ် ဖြစ်ပြီး ကွာလာလမ်ပူမှာရှိတဲ့ မြောက်ကိုရီးယားသံရုံးရဲ့ ဒုတိယအတွင်းရေးမှူး ဖြစ်တယ်လို့ ဆိုပါတယ်။ အခြား သံသယရှိသူတွေကတော့ Koryo လေကြောင်းလိုင်းမှာ အလုပ်လုပ်ကိုင်တဲ့ ကင်မ်အုက် အသက် ၃၇ နှစ်ဖြစ်ပြီး နောက်မြောက်ကိုရီးယား လူမျိုး တစ်ဦးကတော့ ရီဂျုအူးဖြစ်တယ်လို့ သိရပါတယ်။ မစ်စတာဟရုန်နဲ့ အခြားသံသယရှိသူတွေကို ရဲတွေက တွေ့ဆုံမေးမြန်းဖို့ ခွင့်ပြုရန် မြောက်ကိုရီးယားသံအမတ်ကြီးကို စာရေးပြီး မေးမြန်းထားတယ်လို့ မလေးရှားရဲချုပ် မစ္စတာ အဘူဘာကာက ပြောလိုက်ပါတယ်။ “တကယ်လို့ သံအမတ်က ပူးပေါင်းဆောင်ရွက်မှု မရှိရင်တော့၊ သူတို့ဘက်က ကျနော်တို့ကို လာတွေ့အောင် အင်အားသုံးရမှာပဲ” လို့  ရဲချုပ်က ပြောပါတယ်။ အခုအပတ်အစောပိုင်းက မစ္စတာကင်ရဲ့ အလောင်းထားတဲ့ ရင်ခွဲရုံကို ဖောက်ထွင်းဖို့ကြိုးစားလို့ လုံခြုံရေးတွေ ချထားရတယ်လို့ ရဲချုပ်က ပြောပါတယ်။ “ဆေးရုံရဲ့ ရင်ခွဲရုံကို တစ်ယောက်ယောက်က ဖောက်ထွင်းဖို့ ကြိုးစားတာ ကျနော်တို့ သိတယ်၊ ကျနော်တို့ဘက်ကတော့ ကြိုတင်ကာကွယ်မှုတွေ လုပ်ခဲ့ရတယ်” လို့ ရဲချုပ်က ပြောကြောင်း မလေးမေးလ် သတင်းမှာ ဖော်ပြထားပါတယ်။ မလေးရှားရဲ အလိုရှိနေတဲ့စာရင်း- ဟရုန်ကွမ်န်ဆုန် အသက် ၄၄ နှစ် ကွာလာလမ်ပူရှိ မြောက်ကိုရီးယားသံရုံး ဒုတိယ အတွင်းရေးမှူး၊ မလေးရှားတွင် ရှိနေဆဲဟု ယူဆ။ ·        ကင်အုက်အယ်လ် အသက် ၃၇ နှစ်၊ မြောက်ကိုရီးယားနိုင်ငံပိုင် လေကြောင်းလိုင်း Koryo ရဲ့ ဝန်ထမ်း၊ မလေးရှားတွင် ရှိနေဆဲဟု ယူဆ။ ဂျိမ်းမ်စ်လို့လဲ ခေါ်တွင်တဲ့ ရီဂျုအူး အသက် ၃၀ နှစ် မြောက်ကိုရီးယားလူမျိုး၊ မြောက်ကိုရီးယားတွင် ရှိနေဆဲဟု ယူဆ။ ရီဂျီဟရုန် အသက် ၃၃ နှစ် မြောက်ကိုရီးယားလူမျိုး ပြုံယမ်းကို ထွက်ပြေးဟု ယူဆ။ ဟုန်ဆုန်ဟက် အသက် ၃၄ နှစ် မြောက်ကိုရီးယားလူမျိုး ပြုံယမ်းကို ထွက်ပြေးဟု ယူဆ။ အိုဂျွန်ဂယ် အသက် ၅၅ နှစ် မြောက်ကိုရီးယားလူမျိုး ပြုံယမ်းကို ထွက်ပြေးဟု ယူဆ။ ရီဂျဲနမ် အသက် ၅၇ နှစ် မြောက်ကိုရီးယားလူမျိုး ပြုံယမ်းကို ထွက်ပြေးဟု ယူဆ။
4 years Ago
Up