သံလွင်ရေကာတာ

September 29, 2016

မဲသဝေါဒေသတိုက်ပွဲနှင့် ဟတ်ကြီးရေကာတာစီမံကိန်း တိုက်ရိုက်ဆက်စပ်နေ

ကရင်ပြည်နယ်မယ်သဝေါဒေသမှာ လတ်တလောဖြစ်ပွားနေတဲ့တိုက်ပွဲတွေဟာ သံလွင်မြစ်ပေါ် တည်ဆောက်မယ့် ဟတ်ကြီးရေကာတာစီမံကိန်းနဲ့ တိုက်ရိုက် ဆက်စပ်နေတယ်လို့ ကရင်မြစ်ချောင်း စောင့်ကြည့်ရေးကွန်ရက်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ စက်တင်ဘာလမှာ အကောင်အထည်ဖော်ဖို့ လျာထားတဲ့ ဟတ်ကြီးရေကာတာ စီမံကိန်း တည်ရှိရာနေရာရဲ့ အရှေ့ဘက်နဲ့တောင်ဘက်ခြမ်းဒေသမှာ တိုက်ပွဲဖြစ်ပွားတာဖြစ်ပြီး ဒီတိုက်ပွဲတွေနဲ့ ရေကာတာစီမံကိန်း ပတ်သက်ဆက်နွယ်နေတယ်လို့ ကရင်မြစ်ချောင်း စောင့်ကြည့်ရေးကွန်ရက်တာဝန်ခံ စောသာဘိုးက ပြောပါတယ်။ “ဘယ်လိုဆက်စပ်လဲဆိုတော့ တိုက်ပွဲတွေက ၂ ရက်နေ့ကနေစပြီးတော့မှ ဒီနေ့အချိန် အထိ ဖြစ်တယ်။ ပထမဖြစ်တာက မဲသဝေါလမ်းတလျှောက်မှာဖြစ်တယ်။ မဲသဝေါလမ်းဟာ ကျနော်တို့ ဒီဟတ်ကြီးရေအားလျှပ်စစ်စီမံကိန်းကိုသွားဖို့ လမ်းကြောင်းတခုဖြစ်တယ်။ အနီးဆုံးလမ်းပေါ့။ ထိုင်းကနေ သွားမယ်ဆိုရင် ၂ နာရီခွဲလောက်ပဲ သွားလို့ရမယ့်လမ်းဖြစ်တယ်။ ပြီးတော့ နွေရာသီမှာဆိုရင် ရင်းပိုင်ကနေစပြီးမှ ရေကာတာဆောက်မယ့်တောင်ကြားကိုဆိုရင် နွေရာသီ လမ်းရှိပြီးသား။ ပြီးတော့ ဒီလမ်းကို နယ်မြေစိုးမိုးမှုယူတယ်။ ပြီးတော့ ၂၀ ရက်နေ့ နောက်ပိုင်း တိုက်ပွဲတွေဆိုရှိရင် သံလွင်မြစ်တလျှောက်မှာရှိတဲ့ ရွာတွေကို သူတို့ ဆင်းလာခိုင်းတယ်။ ဆင်းလာခိုင်းပြီးတော့မှ သူတို့က စစ်ထိုးမယ်ပေါ့။ အဲဒီပုံစံမျိုးတွေ့ရတယ်။ ဒါကြောင့် တိုက်ပွဲက ရေကာတာနဲ့ လုံးဝဆက်နွယ်တယ်လို့ ကျနော်တို့ ပြောချင်တာဗျာ။” ဒါ့အပြင် အခု နယ်ခြားစောင့်တပ်နဲ့ အစိုးရတပ်မတော်တို့က ပူးပေါင်းထိုးစစ်ဆင်လာတဲ့အတွက် ၄ နှစ်ကျော် ကြာရရှိထားတဲ့ အစိုးရနဲ့ ကရင်အမျိုးသားအစည်းအရုံးတို့ကြား  အပစ်ခတ်ရပ်စဲမှုတွေ ပျက်ပြယ်ပြီး တိုက်ပွဲပြန်ဖြစ်လာနိုင်ချေရှိတယ်လို့လည်း ပြောပါတယ်။ “တိုက်ပွဲဖြစ်လာနိုင်တယ်ဆိုတာ ၁၈ ရက်နေ့တုန်းက သူတို့ ဘီဂျီအက်ကနေပြီးမှ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၅ နယ်မြေကို သူတို့ခွင့်တောင်းခဲ့တယ်။ အဲဒီဟတ်ကြီး ဒေသကိုတပ်ချဖို့။ အကြောင်းပြချက်ကတော့ နယ်မြေစိုးမိုးမှုကို ကာကွယ်ဖို့ဆိုတဲ့ အကြောင်းပြ ချက်ပေးပြီးတော့ တောင်းဆိုတာရှိတယ်။ သို့သော်လည်း ကရင်လွတ်မြောက်ရေး တပ်မတော်က ပယ်ချခဲ့တယ်။ သို့သော်လည်း အခုလက်ရှိအနေအထားကတော့  ရွာသားတွေကိုတော့ အကုန်လုံးဆင်းလာခိုင်းပြီ။ ဆင်းလာပြီးလို့ရှိရင် အကယ်၍သာ သူတို့က ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်ရဲ့နယ်မြေကို အတင်းဝင်ရောက်မယ်ဆိုရင်တော့ ဒါ ပစ်ခတ်မှု ဖြစ်မှာ သေချာတယ်။” ဟတ်ကြီးရေကာတာစီမံကိန်းကို ၂၀၂၁ ခုမှာ အပြီးသတ်လုပ်မယ်ဖို့ အစိုးရက စီစဉ်ထားသလို ပြီးခဲ့တဲ့လကလည်း ထိုင်းဘက်က ဟတ်ကြီးရေကာတာကနေပြီးမှ ရေသွယ်မယ်ဆိုတဲ့ ကိစ္စမျိုး စီစဉ်တာတွေရှိတယ်လို့လည်း စောသာဘိုးက ပြောပါတယ်။ ကရင်လူထုအခြေပြုအဖွဲ့တွေနဲ့ ပူးပေါင်းဖွဲ့စည်းထားတဲ့ ကရင်မြစ်ချောင်းစောင့်ကြည့်ရေး ကွန်ရက်ကတော့ ဟတ်ကြီးပါအ၀င် သံလွင်မြစ်ပေါ်မှာ တည်ဆောက်မယ့်  ရေကာတာ စီမံကိန်းတွေကို ကန့်ကွက်ထားပါတယ်။ ဒီရေကာတာစီမံကိန်းတွေကနေရရှိလာမယ့် လျှပ်စစ်ဓာတ်တွေကို ပြည်သူတွေအကျိုးခံစား ရမှာမဟုတ်သလို ရေတွေကိုလည်းရောင်းစားမှာဖြစ်တဲ့အတွက် ကန့်ကွက်တာလို့လည်းဆိုပါ တယ်။ ဒါ့အပြင် ဟတ်ကြီးရေကာတာကြောင့် သံလွင်မြစ်ဘေးဝဲယာမှာ တည်ရှိတဲ့ ထိုင်းရွာ ၂၀ နဲ့  မြန်မာဘက်ခြမ်းရှိ ကရင်ရွာ ၁၁ ရွာတို့မှာ မြစ်အောက် နစ်မြုပ်ပျောက်ကွယ်သွားနိုင်ပြီး သောင်းနဲ့ချီတဲ့ ဒေသခံတွေ အတိဒုက္ခရောက်ကြမယ်လို့ သံလွင်မြစ်စောင့်ကြည့်ရေးအဖွဲ့တွေက ပြောပါတယ်။
5 years Ago

September 8, 2016

သံလွင်ရေကာတာကြောင့် သဘာဝဂေဟစနစ် ထိခိုက်နိုင်ဟု မွန်လူငယ်အဖွဲ့ သတိပေး

ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အတွင်း ဖြတ်သန်းစီးဆင်းနေတဲ့ သံလွင်မြစ်ပေါ် ရေကာတာတွေ ဆောက်လုပ်ခြင်းအားဖြင့် သဘာဝဂေဟစနစ် အကြီးအကျယ် ပြောင်းလဲစေပြီး ဒေသခံပြည်သူတွေကို ထိခိုက်စေတဲ့အတွက် အတိမ်းစောင်း မခံနိုင်ဘူးလို့ မွန်လူငယ်အဖွဲ့က ပြောပါတယ်။ သံလွင်မြစ်အထက်ဘက်မှာ ရေကာတာဆောက်လိုက်ရင် မြစ်အောက်ဘက်မှာ အရေးပါတဲ့ ရေထိန်းညှိမှုစနစ်နဲ့ နုန်းတင်မြေနုတွေရဲ့ သဘာဝဂေဟထိ န်းညှိခြင်းစနစ်အားလုံး ပျက်စီးကာ ၆ မြို့နယ်ရှိ ကျေးလက်တောရွာက ပြည်သူတွေရဲ့ နေထိုင်မှုဘ၀ပေါ် ထိခိုက်မှုရှိတယ်လို့ တိုးတက်သော မွန်လူငယ်များအစည်းအရုံးရဲ့ သုတေသနအဖွဲ့ခေါင်းဆောင် မိအားချိုင်းက ပြောပါတယ်။ “သံလွင်မြစ်ဝ ဒေသတွေဟာ ရေချိုရေငန်စပ်တဲ့ နေရာတွေဖြစ်တယ်၊ အဲဒီနေရာဟာ အရမ်းကို အရေးပါတဲ့ နေရာတခုဖြစ်တယ်၊ ဒါကို ကမ္ဘာကလည်း အသိအမှတ်ပြုတယ်ပေါ့နော်။ သံလွင်မြစ်က ရေစီးသန်တဲ့အတွက် ပင်လယ်ဆားငန်ရေကို ထိန်းညှိပေးထားတယ်။ တကယ်လို့  မြစ်အပေါ်ပိုင်းကို ပိတ်မယ်ဆိုရင် ဒီသံလွင်ရေရဲ့ ရေစီးသန်မှုက လျော့နည်းသွားမယ်။ အဲဒါကြောင့် ပင်လယ်ရေငန်က တိုးဝင်လာမယ်၊ ဒီမြစ်ဝမှာ မှီခိုတဲ့ စိုက်ပျိုးရေးလုပ်ငန်းက ရေချိုမရှိရင် မဖြစ်ဘူးလေ။ ရေချိုမရှိရင် စိုက်ပျိုးရေးလုပ်ငန်းတွေ ပျက်သွားမယ်။ ပြီးတော့ တံငါလုပ်ငန်းတွေ၊ ရေချိုငါးလုပ်ငန်းတွေ ပျောက်ဆုံးကုန်မယ်။ ဒါဆိုရင် အဲဒီမှာ နေထိုင်တဲ့လူတွေ အသက်မွေးဝမ်းကျောင်းလုပ်ဖို့ မရှိတော့ဘူး။ အဲဒီနောက်ဆက်တွဲ စီးပွားရေး၊ လူမှုရေး အခက်အခဲတွေ လိုက်ပါလာနိုင်မယ်။” မွန်လူငယ်အဖွဲ့ဟာ ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်ထိ မွန်ပြည်နယ် မော်လမြိုင်၊ ကျိုက်မရော၊ မုဒုံ၊ ဘီလူးကျွန်း၊ ပေါင်နဲ့ ကရင်ပြည်နယ် ဘားအံမြို့နယ်က ရွာသားတွေ၊ ကျေးရွာအုပ်ချုပ်ရေးမှူုးတွေ၊ သံဃာတော်တွေ၊ ရပ်မိရပ်ဖ၊ လူငယ်အဖွဲ့၊ အမျိုးသမီးအဖွဲ့၊ နိုင်ငံရေးအဖွဲ့တွေနဲ့ တွေ့ဆုံပြီး ရေကာတာတည်ဆောက်ခြင်းရဲ့ အကျိုးဆက်တွေ မေးမြန်းကာ “တိမ်းစောင်းမခံနိုင်သောမျှခြေ” လို့ ခေါင်းစဉ်ပေးထားတဲ့ အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။ အစီရင်ခံစာနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲတရပ်ကိုလည်း စက်တင်ဘာ ၇ ရက်က ရန်ကုန်မှာ ကျင်းပခဲ့ပြီး လက်ရှိအစိုးရအနေနဲ့ သံလွင်မြစ်ပေါ်ရှိ ရေကာတာစီမံကိန်း ၅ ခု၊ မြစ်လက်တက်ပေါ်ရှိ စီမံကိန်းတခုကိုပါ ရပ်တန့်ပေးဖို့၊ ဌာနေတိုင်းရင်းသားတို့ သဘောဆန္ဒမပါဘဲ မဆောင်ရွက်ဖို့၊ ပြည်သူလူထုက ရွေးချယ်ထားတဲ့ အစိုးရအနေနဲ့ ပြည်သူ့ဆန္ဒကို အလေးထားဖို့ တောင်းဆိုလိုက်ပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ ရှမ်းသဘာ၀၀န်းကျင်ထိန်းသိမ်းရေးအဖွဲ့မှ စိုင်းခေးဆိုင်ကလည်း ရှမ်းပြည်နယ်ရှိ သံလွင်မြစ်ကြောတလျှောက်နေ ပြည်သူများရဲ့ အခြေအနေနဲ့ စိုးရိမ်ပူပန်မှုတွေကို ဖြည့်စွက်ရှင်းပြခဲ့ပါတယ်။ အလားတူ အနာဂတ်သံလွင်အဖွဲ့မှ နန်းနှင်းရီကလည်း ဟတ်ကြီးရေကာတာ တည်ဆောက်မယ့်အပေါ် ကရင်နီပြည်သူတွေ ရင်ဆိုင်နေရမယ့် ပြဿနာတွေကို လာရောက်ပြောကြားသွားပါတယ်။ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တွင်း ဖြတ်သန်းစီးဆင်းနေတဲ့ သံလွင်မြစ်ပေါ်မှာ အစိုးရနဲ့ အကျိုးတူပူးပေါင်းပြီး တရုတ်နဲ့ တိုင်းကုမ္ပဏီတွေက ရေကာတာကြီး ၆ ခု တည်ဆောက်ကာ ရေအားလျှပ်စစ်ထုတ်ယူမယ့် စီမံကိန်းတွေ လုပ်ဆောင်ဖို့ ကြိုးပမ်းနေတာပါ။ စီမံကိန်းအကောင်အထည်ဖော်ဖို့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနဲ့ လူမှုစီးပွားရေး ထိခိုက်မှု ဆန်းစစ်ရေးတွေ ကွင်းဆင်းဆောင်ရွက်နေပေမယ့် ပွင့်လင်းမြင်သာမှု မရှိတာကြောင့် လူမှုအခြေပြု အဖွဲ့အစည်းတွေနဲ့ ဒေသခံပြည်သူတွေရဲ့ ကန့်ကွက်မှုတွေနဲ့လည်း ကြုံတွေ့နေရပါတယ်။
5 years Ago
More News
Up