သံမဏိနှင်းဆီ

December 27, 2018

သံမဏိနှင်းဆီအယ်ဒီတာ အသတ်ခံရမှု ပြစ်မှုကျူးလွန်သူများကို အပြီးသတ်အမိန့်ချ

သံမဏိနှင်းဆီအယ်ဒီတာ ဝေယံဟိန်း အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူတွေကို ဒီဇင်ဘာ ၂၇ ရက်က အရှေ့ပိုင်းခရိုင် တရားရုံးက အပြီးသတ် အမိန့်ချခဲ့ပါတယ်။ အောင်ကိုကို ကို ထောင်ဒဏ် အနှစ် ၂၀၊ ပြည့်သူနိုင်ကို အနှစ် ၂၀ နဲ့ မအယ်နီကို အလုပ်နှင့်ထောင်ဒဏ် ၆ လ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ အမှုမှာ တရားလိုပြသက်​​သေ ၁၀ ဦးနဲ့ တရားခံပြသက်​​သေ ၇ ဦးကို စစ်​​ဆေးခဲ့တာလည်း ဖြစ်ပါတယ်။ အယ်ဒီတာ ဝေယံဟိန်းဟာ ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်နေ့က ပုဇွန်တောင်မြို့နယ်ရှိ သံမဏိနှင်းဆီဂျာနယ်တိုက်ခန်းမှာ ထိုင်းသွင်းဓားဒဏ်ရာတွေနဲ့ သေဆုံးနေတာဖြစ်ပါတယ်။ ကိုဝေယံဟိန်း အသတ်ခံရမှုနဲ့ပတ်သက်လို့ အောင်​ကိုကို ကို အမြင့်ဆုံး ​သေဒဏ်​အထိချမှတ်​နိုင်​တဲ့ ရာဇသတ်​ကြီး ဥပ​ဒေပုဒ်​မ-၃၀၂(၂)(ခ)၊ ပြည့်သူနိုင်​ကို အမြင့်ဆုံး​သေဒဏ်​ချမှတ်​နိုင်​တဲ့ ရာဇသတ်​ကြီး ဥပ​ဒေပုဒ်​မ-၃၀၂(၂)၁၁၄၊ အယ်​နီ(ခ)ရိုစီကို ဇသတ်​ကြီးဥပ​ဒေပုဒ်​မ ၂၀၂  တို့နဲ့ အသီးသီး တရားစွဲဆိုထားတာလည်း ဖြစ်ပါတယ်။
2 years Ago

April 23, 2017

သံမဏိနှင်းဆီဂျာနယ်ထုတ်ဝေသူ ကိုဝေယံဟိန်း အသတ်ခံရမှု သံသယရှိသူတဦးကို ထပ်မံဖမ်းဆီး

သံမဏိနှင်းဆီ အပတ်စဉ်ထုတ်ဂျာနယ်  ထုတ်ဝေသူ ကိုဝေယံဟိန်း အသတ်ခံရမှုမှာ ပါဝင်ခဲ့တဲ့ သံသယရှိသူ အမျိုးသား နောက်တဦးကို ဖမ်းမိထားတယ်လို့ တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ထပ်ပြီး ဖမ်းမိတဲ့သူဟာ လူသတ်မှုကျူးလွန်သူလို့ ယူဆထားတဲ့ အောင်ကိုကိုရဲ့ သူငယ်ချင်း  ပြည့်သူနိုင် (ခ) ဘုရားပွဲ (ခ) ဖြိုးသော် ဆိုသူဖြစ်ပြီး အောင်ကိုကိုရဲ့ ထွက်ဆိုချက်အရ ပြစ်မှုကျူးလွန်တုန်းက အဲဒီသူလည်း ပါဝင်ပါတယ်။ လူသတ်မှုကျူးလွန်တုန်းက အတူပါဝင်ခဲ့တဲ့ ပြည့်သူနိုင်(ခ)ဘုရားပွဲ(ခ)ဖြိုးသော်ကို ဧပြီ ၂၂ ရက်မှာ ထပ်မံဖမ်းမိထားပြီး အမှုမှာ ပါဝင်ပတ်သက်နေသူတွေကိုလည်း ဆက်လက်စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့သတင်းမှာ ဖော်ပြပါတယ်။ လူသတ်မှုကျူးလွန်သူလို့ ယူဆထားတဲ့ အောင်ကိုကို ယူသွားတဲ့ သေဆုံးသူ ကိုဝေယံဟိန်းရဲ့ တိုရှီဘာ အမျိုးအစား Laptop ကွန်ပျူတာ နဲ့  iPhone SE လက်ကိုင်ဖုန်းတို့ကိုလည်း ပြင်ဦး လွင်မြို့(၆)ရပ်ကွက်၊ မြို့ပတ်လမ်းရှိ ကန်တော်လေးကန်ကနေ ဆယ်ယူရရှိထားပါတယ်။ အခင်းဖြစ်စဉ်မှာတွေ့တဲ့ ဆံပင်ကိုလည်း မသင်္ကာသူနှစ်ဦးရဲ့ ဆံပင်တွေနဲ့ တိုက်ဆိုင်စစ်ဆေးနိုင်ဖို့ ဓာတုဗေဒစစ်ဆေးရေးဌာနကို ပေးပို့ ထင်မြင်ချက်တောင်းခံထားပါတယ်။ တိုင်းရဲတပ်ဖွဲ့အနေနဲ့ ပြည်သူစိတ်ဝင်စားတဲ့  မှုခင်း ဖြစ်စဉ်အပေါ် ကနဦးသတင်းတွေ ဖော်ပြပေးခဲ့ပြီး အမှုအား ဥပဒေနဲ့အညီ ဆက်လက်စစ်ဆေးဆောင်ရွက် နေပြီး တွေ့ရှိချက်တွေကိုလည်း ဆက်လက် အသိပေးဖော်ပြသွားမယ်လို့ ရဲသတင်းမှာ ဖော်ပြပါတယ်။ သေဆုံးသူ ကိုဝေယံဟိန်းရဲ့ ဖခင်ဖြစ်သူကလည်း သူ့သား အသတ်ခံရမှုမှာ ကျူးလွန်သူဟာ တယောက်တည်း မဖြစ်နိုင်ဘူးလို့ မီဒီယာကို ထုတ်ပြောထားပါတယ်။ သံမဏိနှင်းဆီ အပတ်စဉ်ထုတ်ဂျာနယ်  ထုတ်ဝေသူ ကိုဝေယံဟိန်းဟာ ဧပြီ ၁၄ ရက်က သူ့ အလုပ်ခန်းထဲမှာပဲ ထိုးသွင်းဒဏ်ရာ ၁၅ ချက်နဲ့ သေဆုံးခဲ့တာပါ။
4 years Ago
Up