သံဖြူဇရပ်

March 27, 2023

သံဖြူဇရပ်နှင့် ပန်းတောင်းတွင် ရိုဟင်ဂျာ ၃၁ ဦးဖမ်းဆီးခံရ

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်နဲ့ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်တို့မှာ   မတ်လ ၂၆ ရက်က အထောက်အထားမဲ့ ရိုဟင်ဂျာ  ၃၁ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သံဖြူဇရပ်မြို့နယ်၊ ခလောက်ချကျေးရွာအနီးမှာ မနေ့ နေ့လယ်က  ရိုဟင်ဂျာတွေ ရောက်နေတယ်ဆိုတဲ့ သတင်းကြောင့် စစ်ကောင်စီတပ်နဲ့ ရဲတွေက လိုက်လံရှာဖွေရာမှာ ဖမ်းမိခဲ့တာလို့  ဒေသခံတစ်ဦးက ဒီဗွီဘီကိုပြောပါတယ်။

"ရိုဟင်ဂျာကောင်လေးတယောက်ကို စတွေ့တာကနေ ကျန်တဲ့သူတွေပါ ဖမ်းမိသွားတာ။ အားလုံး ၁၄ ယောက်မိတာ။ ဘူးသီးတောင် မောင်တောကနေလာကြတာ။”

ဖမ်းဆီးရမိတဲ့ ရိုဟင်ဂျာအမျိုးသား ၉ ယောက်နဲ့ အမျိုးသမီး ၅ ယောက်တို့ကို စစ်ကောင်စီတပ်က စစ်ကြောရေးကိုခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အလားတူ ပြည်မြို့နယ် ပန်းတောင်းမြို့ ကျီးပင်စစ်ဆေးရေးဂိတ်မှာလည်း မနေ့နေ့လယ်က ရိုဟင်ဂျာအမျိုးသား ၇ ယောက်ကို ဖမ်းဆီးရမိတယ်လို့ ဒေသခံတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

"စစ်တပ်က ကားတွေစစ်ဆေးနေလို့ သူတို့က လမ်းလျှောက်လာတာ စစ်ဆေးရေးဂိတ်မှာမိသွားတာ ယောကျာ်းလေးတွေချည်းပဲ မင်းပြားနဲ့ စစ်တွေကနေ လာကြတာ။”

ဖမ်းဆီးခံရသူ ရိုဟင်ဂျာအမျိုးသား ၇ ယောက်ကို စစ်ကောင်စီတပ်က ဥသျှစ်ပင်ရဲစခန်းကို ခေါ်သွားပြီး စစ်ဆေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ်လ ၂၄ ရက်မှ မတ်လ ၂၆ ရက်အတွင်း သံဖြူဇရပ်မြို့နယ်မှာ  ရိုဟင်ဂျာ အမျိုးသား အယောက်  ၁၃၀ နဲ့ အမျိုးသမီး ၆၉ ယောက် စုစုပေါင်း ၁၉၉ ယောက်ကို ဖမ်းဆီးရမိခဲ့ပါတယ်။ 

2 days Ago

March 24, 2023

ဘီးလင်းမြို့ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က ပစ်ခတ်တိုက်ခိုက်၊ ရေး-သံဖြူဇရပ်ကားလမ်း၌ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့ထဲက ကျေးရွာ‌တွေကို စစ်ကောင်စီတပ်က   ညတိုင်းနီးပါး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့  ဒေသခံ ၃၀၀၀ ကျော်က ဘေးလွတ်ရာ တောတောင်တွေထဲမှာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ 

စစ်ကောင်စီ တပ်မ (၄၄) လက်အောက်ခံတပ်တွေဖြစ်တဲ့  ခမရ (၂၀၇) ၊ ခမရ (၂) နဲ့ အမြောက်တပ် (၃၁၀) (၆၀၂) က အခုနှစ် မတ်လ ဒုတိယပတ်ကုန်ကစပြီး မနေ့ကအထိ ငှက်ပျောတော၊ ဝင်းကလော၊ ကရဝေးဆိပ်နဲ့ တဂေးချောင်းဖျားမှာရှိတဲ့ကျေးရွာတွေကို ပစ်ခတ်နေတာဖြစ်ပါတယ်။

ပစ်ခတ်မှုတွေကြောင့် ကျေးရွာသားတွေက ညပိုင်းရောက်ပြီဆို နေအိမ်မှာ မနေရဲတော့ဘဲ တောထဲမှာရှိတဲ့ ဗုံးခိုကျင်းတွေထဲမှာ ပုန်းအောင်းနေကြရတယ်လို့လည်းဆိုပါတယ်။ 

အဲဒီလို လက်နက်ကြီးတွေနဲ့ ညတိုင်းပစ်ခတ်နေလို့ ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့ကလည်း ဒေသခံအမျိုးသား နှစ်ယောက်လည်း လက်နက်ကြီးထိမှန် သေဆုံးခဲ့ရပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်တွေရန်ကြောင့် ဒေသခံတွေအနေနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကို ဆက်လက် မလုပ်ကိုင်နိုင်တော့ဘဲ တောထဲမှာရှောင်တိမ်းနေရသလို ကလေးတွေကိုလည်း ပညာသင်ကြားမှုမပေးနိုင်တော့ဘူးလို့ ဒေသခံ တစ်ယောက်က ပြောပါတယ်။ 

စစ်ကောင်စီတပ်တွေရဲ့ ဦးတည်ချက်က တော်လှန်ရေးအင်အားစုတွေရဲ့ လမ်းကြောင်းကိုသာ အရင်က ဦးတည်ထားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဒေသခံတွေကိုဦးတည်ထားပြီး ညတိုင်း လက်နက်ကြီး အနည်းဆုံး ၅ လုံး ၆ လုံးလောက် ကျေးရွာတွေထဲကို ပစ်ခတ်တာနေတာလို့  ကျေးရွာနဲ့ နီးစပ်တဲ့ တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။ 

ပစ်ခတ်ခံရတဲ့ ကျေးရွာ ၄ ရွာမှာ တရွာကို အိမ်ခြေ ၄၀၀ ဝန်းကျင်ရှိပြီး ဒေသခံတချို့ကတော့ ပြည်ပမှာသွားရောက်အလုပ်လုပ်ကိုင်နေတာကြောင့် ရွာထဲမှာ ကလေးငယ်တွေနဲ့ အသက်ရွယ်ကြီးသူအများစုသာ ကျန်ရှိနေတာပါ။ 

လက်ရှိမှာတော့ ဒေသခံတွေအနေနဲ့ စားသောက်ရေးအပြင် ကျန်းမာရေးနဲ့ ဆေးဝါးမလုံလောက်မှုအခက်ခဲတွေရင်ဆိုင်နေရပြီး စစ်ကောင်စီဘက်ကတော့ မတ်လ ၂၃ ရက်နေ့ ညပိုင်းအထိ ပစ်ခတ်မှုတွေရှိနေတယ်လို့ သိရပါတယ်။ 

မွန်ပြည်နယ် ရေး-သံဖြူဇရပ်ကားလမ်းရှိ ပိန္နဲတောရွာနဲ့ ရွာသာအေးရွာကြားနေရာမှာ မတ် ၂၂ ရက် မနက် ၈ နာရီ ၂၀ မိနစ်လောက်က လမ်းကင်းချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို  တောင်ညိုပြောက်ကျားတပ်ဖွဲ့က ချုံခိုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်မှုမှာ စစ်ကောင်စီတပ်ဘက်က ၁ ယောက် သေဆုံးပြီး ၁ ယောက် ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ တောင်ညိုပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ရေးနဲ့ သံဖြူဇရပ်ကားလမ်းမှာ စစ်ကောင်စီတပ်ဘက်က တိုက်ခိုက်ခံရပြီဆိုရင် စစ်တပ် အခြေစိုက်စခန်းတွေကနေ လက်နက်ကြီးနဲ့ အမြဲပစ်ခတ်တာကြောင့် လူ ၅ ယောက် ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလိုအချိန်ကာလမှာ စစ်ကောင်စီရဲ့အနီးအနား ယာဥ်ကားတွေအနားမှာ မနေကြဖို့၊ သွားလာတဲ့ လမ်းခရီးတွေမှာ သတိပြုကြဖို့နဲ့ တော်လှန်ကာလအရှိန်မြှင့်တင်မယ်လို့ ဒေသကာကွယ်ရေးတပ်တွေက သတိပေးထားပါတယ်။

ရေး-သံဖြူဇရပ် ကားလမ်းနေရာတွေမှာ စစ်ကောင်စီတပ်တွေဟာ မကြာခဏဆိုသလို ချုံခိုတိုက်ခိုက်တာ ခံရလေ့ရှိပြီး စစ်ကောင်စီဘက်က အထိနာ အကျအဆုံးများပေမဲ့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

5 days Ago
More News
Up