သံပုံးတီးသပိတ်

December 6, 2021

ရန်ကုန်က မြို့နယ်တချို့တွင် သံပုံးတီးသပိတ် ပြန်လည်ဆင်နွှဲ (ရုပ်သံ)

ရန်ကုန်ကြည့်မြင်တိုင်မှာ နိုဝင်ဘာ ၅ ရက် မနက်ပိုင်းက ဆန္ဒပြလူငယ်တွေကို စစ်တပ်က ကားနဲ့တိုက်သတ် ပစ်ခတ်နှိမ်နင်းခဲ့ပြီးနောက် ည ၈ နာရီမှာ ရန်ကုန်က မြို့နယ်တချို့ သံပုံးတီး လှုပ်ရှားမှုတခု ပြန်လည်ပြုလုပ်ခဲ့ကြပါတယ်။ 

မကောင်းဆိုးဝါးနှိမ်နင်းတဲ့ ဓလေ့တခုဖြစ်တဲ့ သံပုံးတီး လှုပ်ရှားမှုသပိတ်ကို စစ်အာဏာသိမ်းပြီး ဆန္ဒပြပွဲတွေနဲ့အတူ ည ၈ နာရီအချိန်တိုင်း တပြိုင်တည်း ပြုလုပ်လာကြပေမယ့် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ သံပုံးတီးတဲ့ နေအိမ်တွေကို ပစ်ခတ်တာတွေနဲ့ ခြိမ်းခြောက်မှုတွေ ပြုလုပ်လာပြီးတဲ့နောက် ဧပြီလဆန်းလောက်ကစ သံပုံးတီးသပိတ် ပါဝင်သူ လျော့နည်းလာပြီး ရပ်တန့်သွားတာပါ။ 

ဒါပေမယ့် ဒီဇင်ဘာလ ၅ ရက်နေ့မှာတော့ ရန်ကုန်ကြီးမြင့်တိုင်မြို့နယ်မှာ စစ်တပ်ရဲ့ ဆန္ဒပြလူငယ်တွေကို ကားနဲ့တိုက်သတ်မှုကို မြင်တွေ့ပြီးနောက်ပိုင်း သံပုံတီး သပိတ်ကို ဒီကနေ့ညမှာ ပြည်သူတွေ ပြန်လည်ဆင်နွှဲလာကြတာပါ။

ရန်ကုန်ကမြို့နယ်တစ်ချို့ သံပုံတီး ညသပိတ်တွေ ဆင်နွဲခဲ့ပြီးနောက် စစ်ကား၊ ရဲကားတွေ လမ်းမပေါ် သွားလာနေတယ်လို့ သိရပါတယ်။

စမ်းချောင်းမြို့နယ်နဲ့ မြေနီကုန်းတစ်ဝိုက်မှာလည်း မနေ့ည ၇:၄၅ လောက်က သေနတ်သံတွေ ၁၀ ချက်ထက်မနည်း ဆက်တိုက်ကြားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတစ်ဦးက “ပေါက်ကွဲသံကြားပြီးတော့ သေနတ်သံတွေ ကြားရတာ။ မြေနီကုန်းက တော်လှန်ရေးပန်ခြံနားက ၂၄ ရဲစခန်းကို ပစ်တယ်လို့ကြားတယ်။ အဲ့နားလောက်ပဲ သေနတ်သံထွက်လာတာ။ မြေနီကုန်းပဒေသာလမ်းမှာတော့ စစ်သားတွေ စောင့်ကြည့်နေတယ်။ ပစ်ခတ်မှုပြီးတဲ့နောက်မှာ ကောင်လေးတစ်ယောက်ကို ဒူးထောက်ခိုင်းပြီး ပါးတွေ ရိုက်နေတာ။ ကားတွေကိုလည်း စစ်တယ်။ သေနတ်သံကြားတုန်းကဆို လမ်းပေါ်မှာ လူတွေ ကြောက်လန့် ပြေးလွှားနေကြတာ။ ဗဟိုလမ်းတွေဘက်ဆိုလည်း စျေးဆိုင်တွေ စောပိတ်ပြီး ပြန်ကုန်ကြတယ်” လို့ ပြောပါတယ်။

2 months Ago

July 23, 2021

“ထောင်တွင်းတိုက်ပွဲ ငါတို့ တိုက်ပွဲ” သံပုံးတီးသပိတ် အားလုံးပါဝင်ကြရန် နှိုးဆော်

       ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်ထဲက အကျဉ်းသားတွေ ရဲ့ ထောင်တွင်းဆန္ဒပြပွဲစတင်ခဲ့ပြီးတဲ့နောက်မှာ နိုင်ငံတဝန်း မြို့ရွာအနှံ့က ပြည်သူတွေအနေနဲ့ သံပုံးတီးသပိတ်ကို ပြန်လည်စတင်ကြဖို့ နှိုးဆော်ထားပါတယ်။

အင်းစိန်အကျဉ်းထောင်တွင်းမှာ စစ်အာဏာရှင်စနစ် ပြုတ်ကျရေးနဲ့ ပတ်သက်တဲ့ ကြွေးကြော်သံတွေ ဟစ်ကြွေးကာ ထောင်တွင်းဆန္ဒပြပွဲ ဖြစ်ပေါ်ခဲ့ပြီးနောက် တပြိုင်တည်းမှာပဲ အင်းစိန်ထောင်အတွင်း စစ်အာဏာရှင် ကျဆုံးရေး တောင်းဆိုဆန္ဒပြခဲ့ကြတဲ့ သူရဲကောင်းတွေနဲ့အတူ ရပ်တည်ကြောင်း ရန်ကုန်မြို့က လူငယ်အချို့ ဆန္ဒထုတ်ဖော် ကြတာတွေ၊ မြို့နယ်တချို့မှာ သံပုံးတီးဆန့်ကျင်မှုတွေ လုပ်ဆောင်နေကြတာကို တွေ့ရပါတယ်။

       “ထောင်တွင်းတိုက်ပွဲ ငါတို့တိုက်ပွဲ” ကြွေးကြော်သံနဲ့အတူ “အင်းစိန်လည်းထောင် တိုင်းပြည်လည်းထောင်၊ ငါတို့မှာငါတို့ပဲရှိတယ်၊ ငါတို့အတူတူ ရုန်းကြမယ်”စတဲ့ မြို့တော် ရန်ကုန်ရဲ့ စစ်အာဏာရှင်ဆန့်ကျင် မကောင်းဆိုးဝါးနှင် သံပုံးတီးဆန့်ကျင်မှုတွေနဲ့အတူ ဒီက‌နေ့ည ၈ နာရီမှာတော့ အားလုံးအတူတကွ ပါဝင်နိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ မတရားစစ်အာဏာသိမ်းကာလဟာ ၆ လနီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်ကာ အာဏာသိမ်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၉၃၁ ယောက်ထိ ရှိလာခဲ့ပြီး ၆၈၇၁ ယောက် ဖမ်းဆီးခံခဲ့ရကာ ၅၃၃၃ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ မြန်မာနိုင်ငံအတွင်း အကျဉ်းထောင်တွေမှာ ဖမ်းဆီးထိန်း သိမ်းခံထားရသူအားလုံးအတွက် ကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု နည်းလမ်းတကျ ရရှိရေးအတွက် အခြေခံလူ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့ အာဏာပိုင်တွေကို မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြားသံရုံးတွေက ဒီကနေ့မှာ ပူးပေါင်းတောင်းဆိုလိုက်ပါတယ်။

6 months Ago
Up