မွန်ပြည်နယ်၊ ရေးမြို့နယ်က ဒေသထွက်သံပုရာသီးမှာ တလုံးကို ကျပ် ၁၂၀ အထိ ဈေးကောင်းရလာနေပေမဲ့ အထွက်နှုန်းနည်းလို့ တွက်ခြေမကိုက်ကြဘူးလို့ စိုက်ပျိုးတောင်သူတွေ ထံက သိရပါတယ်။
စိုက်ပျိုးတောင်သူတယောက်က “အခုချိန်က နွေရာသီဖြစ်တော့ ချောင်းရေတွေ ရေတွင်း ရေကန်တွေ ခန်းခြောက်လာတော့ သံပရာပင်တွေ ရေလည်း မပေးနိုင်၊ စက်သုံးဆီနဲ့ ခြံစရိတ်တွေက အစကုန်ကျတာတွေ များတယ်။ အခုနွေသီးက မရပြန်တော့ ဈေးကောင်းပေမယ့် ထင်သလို ငွေတွေ မရကြဘူး”လို့ ပြောပါတယ်။
မိုးတွင်းဘက်ဆို သံပရာသီးက အထွက်များပေမဲ့ ဈေးက တလုံးကို ၁၀ ကျပ် ဝန်းကျင်သာရလို့ ဈေးက မရကြဘူးလို့ စိုက်ပျိုးတောင်သူတဦးက ပြောပါတယ်။
စစ်အာဏာသိမ်းယူပြီးတဲ့နောက်ပိုင်းမှာ ခြံစရိတ်တွေကအစ ၂ ဆလောက် ကုန်ကျစရိတ်တွေ တက်လာလို့ စိုက်ပျိုးခြံတွေက မပြုပြင် မထိန်းသိမ်းနိုင်ကြဘဲ စိုက်ပျိုးပင်တွေက ပျက်စီး ဆုံးရှုံးတာများလာရင် သံပုရာသီးအထွက်နှုန်းပါ တဖြည်းဖြည်းနဲ့ ကျဆင်းမှုနဲ့ ကြုံနေကြရပါတယ်။
သံပရာသီး ရောင်းဝယ်လုပ်နေသူတဦးက “နွေဘက်ဆို သံပရာသီးတင်ပို့မှုက ကျဆင်းပါတယ်။ အခု ကားလမ်းတွေမှာ အစစ်အဆေးများပြီး တခါတရံ ကားလမ်းမှာ ပစ်ခတ်တာတွေနဲ့ ဆုံရင် ခရီးက ကြန့်ကြာတာနဲ့ ဆုံခဲ့ရင် သံပရာသီးက အလေလွင့် ဖြစ်ပြီးဆုံးရှုံးမှု နဲ့ ပါကြုံရတယ်”လို့ ပြောပါတယ်။
သံပရာသီးစိုက်ပျိုးထားတဲ့ တောင်သူတွေမှာ ရာသီဥတုဒဏ်ကြောင့်ရယ် ဈေးကွက်မှာ စျေးတွေ ထင်သလောက် မရကြတာရယ်ကြောင့်တဖြည်းဖြည်းနဲ့ သံပရာသီး စိုက်ပျိုးပင်အစားတခြား စိုက်ပျိုးပင်တွေကို အစားထိုးပြောင်းလဲလုပ်ကိုင်လာနေကြပါတယ်။
ရေး ဒေသထွက် သံပရာသီးတွေမှာ နှစ်စဉ် သန်းနဲ့ချီ ထွက်ရှိကြပြီး ပြည်တွင်းဈေးကွက်မှာ ယနေ့အထိ နေရာယူထားခဲ့ပါတယ်။
မွန်ပြည်နယ် ရေးမြို့နယ်ကထွက်ရှိတဲ့ သံပရာသီးစျေးကွက်မှာ သံပရာသီးဈေးနှုန်းတွေ ပြီးခဲ့တဲ့နှစ်ထက် ဝက်ကျော်နီးပါးလောက် ကျဆင်းသွားတာကြောင့် စိုက်ပျိုးတောင်သူတွေ အခက်အခဲကြုံနေကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် အခုလိုရာသီအချိန်မှာ သံပရာသီးပေါက်ဈေး ရှယ်သီးဈေးက ၃၀ ကျပ်နီးပါးလောက် ရပေမဲ့ အခု ကိုဗစ်-၁၉ တတိယလှိုင်းမှာ ကျပ် ၁၅ ကျပ်လောက်သာ ရရှိတာကြောင့် ခြံသမားတွေ အများဆုံး ထိခိုက်နစ်နာကြသလို နယ်ကုန်သည်တွေမှာလည်း အရောင်းအ၀ယ် မရှိသလောက် ဖြစ်နေကြတယ်လို့ ဒေသခံ ကုန်သည်တဦးက ပြောပါတယ်။
ဒါ့အပြင် အခုရာသီချိန်မှာ သံပရာသီးကုန်ကြမ်းတွေ ဝင်ရောက်လာနေပေမဲ့ ရန်ကုန် မန္တလေးပွဲရုံဘက်ကို အရောင်းအ၀ယ် မရှိတာကြောင့် အကျိုးအမြတ်က သိပ်ပြီး မရကြဘူးလို့ နယ်ကုန်သည်တဦးက ပြောပါတယ်။
ရေးမြို့နယ်မှာ သံပရာသီးစိုက်ပျိုးရေးလုပ်ငန်းကို အဓိကစိုက်ပျိုးကြကာ သံပရာသီးထွက်ရှိမှုက တရာသီမှာ သန်းနဲ့ချီရှိပြီး စိုက်ဧကလည်း ထောင်နဲ့ချီရှိပါတယ်။