ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တဦးကို သတ်ဖြတ်မှုနဲ့ အသက် ၆၀ ကျော်အရွယ် အမျိုးသားတဦးကို သံတွဲရဲစခန်းက ဖမ်းဆီးလိုက်ပါတယ်။
သံတွဲမြို့၊ စာနီတောင်ပိုင်းမှာ ဒီဇင်ဘာ ၁၃ ရက် ညနေပိုင်းက အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တဦး အဲဒီအမျိုးသားရဲ့နေအိမ်မှာ လည်ပင်းညိုမည်းဒဏ်ရာနဲ့ ဇာခြင်ထောင်အုပ်ပြီး သေဆုံးနေတာတွေ့လို့ မိခင်ဖြစ်သူက စခန်းကို လာရောက်တိုင်ကြားတာလို့ သံတွဲရဲစခန်းမှူးက ဒီဗွီဘီကို ပြောပါတယ်။
“အသတ်ခံရတဲ့ ကလေးမရဲ့မိခင်က ကျနော်တို့ရဲစခန်းကို ရောက်လာပြီး တိုင်ချက်ဖွင့်ထားပါတယ်။ ကလေးက တရားခံဖြစ်သူရဲ့အိမ်မှာ သေဆုံးနေတယ်ပေါ့။ လာတိုင်တာ မနေ့ညနေ ၉ နာရီပါ။ မသင်္ကာတဲ့သူကို ကျနော်တို့ ဖမ်းဆီးထားပါတယ်။ တရားခံဖြစ်သူ ဦးဟန်မောင်ကို ခေါ်ပါတယ်။ လတ်တလော ၃၀၂ နဲ့ စွဲဆိုထားပါတယ်။ ကျနော် လတ်တလော ဖြေပေးနိုင်တာ ဒီလောက်ပဲဗျ။ အပြည့်အစုံကို ကျနော်တို့ ဘာမှမသိရသေးဘူး။ ဒီလောက်ပဲ ကျနော်တို့ စစ်ဆေးလို့ရပါသေးတယ်။”
မုဒိမ်းပြုကျင့်ပြီး သတ်ဖြတ်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ဟုတ်၊ မဟုတ် ဆိုတာကတော့ ဆရာဝန်ရဲ့ဆေးစာတွေ မရသေးလို့ အတည်မပြုနိုင်သေးဘူးလို့လည်း စခန်းမှူးက ပြောပါတယ်။
“မုဒိမ်းကျင့်တယ်၊ မကျင့်ဘူးဆိုတာ လတ်တလောအရကတော့ မပြောနိုင်သေးဘူး။ ဆရာဝန်ရဲ့ ဆေးစာတွေကို စောင့်ရမယ်။ အဲ့ဒါတွေကိုမရဘဲ ကျနော်တို့ ဖြေပေးလို့မရသေးခင်ဗျ။ အသတ်ခံရတာတော့ သေချာတယ်။”
တရားခံဖြစ်သူဟာ အဲဒီညမှာပဲ ထွက်ပြေးတိမ်းရှောင်သွားလို့ ရဲတပ်ဖွဲ့ဝင်တွေက လိုက်လံရှာဖွေခဲ့ရာမှာ သံတွဲနဲ့ ၁၀ မိုင်ခန့်ကွာဝေးတဲ့ ရေစင်ကျေးရွာမှာ ဖမ်းဆီးနိုင်ခဲ့တာပါ။
ဖမ်းဆီးခံထားရတဲ့ ဦးဟန်မောင် (အသက် ၆၁ နှစ်) ကို သံတွဲရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အရေးယူဆောင်ရွက်နေတယ်လို့ ရဲစခန်းက ပြောပါတယ်။
သတင်း - ဝဏ္ဏခွာညို၊ ဓာတ်ပုံ - မြင့်မိုး
6 years Ago