သံတောင်မြို့သစ်

September 20, 2021

သံတောင်မြို့သစ်တွင် စစ်တပ်ထောက်ခံ သတင်းပေး ၁ ဦး ပစ်သတ်ခံရ

ကရင်ပြည်နယ်၊ သံတောင်မြို့သစ် (၁၃ မိုင်)၊ ကားလမ်းဘေးမှာ အကြမ်းဖက်စစ်အုပ်စုကို ထောက်ခံပြီး သတင်းပေးဒလန်လို့ လူသိများတဲ့ အမျိုးသားတယောက် စက်တင်ဘာ ၁၉ ရက် ညနေ ၆ နာရီကျော်လောက်က သေနတ် ၃ ချက်ထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်းပေးအဖြစ် လူသိများသူ ဦးဝဏ္ဏဆိုသူဟာ သံတောင်မြို့သစ် မြိုလယ်ကောင် ကားလမ်းဘေးမှာ အမည်မသိ သေနတ်သမားက သေနတ်နဲ့ ၃ ချက် ပစ်ခတ်ခဲ့တဲ့အတွက် သံတောင်ကြီး ပြည်သူ့ဆေးရုံကို ပို့ဆောင်စဥ် သေဆုံးခဲ့တာပါ။

သေဆုံးသူဟာ ဆိုင်ကယ်ပြင်ဆိုင်လုပ်ငန်း လုပ်ကိုင်နေသူဖြစ်ပြီး  ဆန္ဒပြလူငယ်တွေကို ဖိအားလိုက်ပေးနေသူတစ်ဦး ဖြစ်သလို လူထုလှုပ်ရှားမှု ဆန္ဒပြပွဲတစ်ခုမှာ လူငယ်တစ်ဦးကို သေနတ်နဲ့ ပစ်ခတ်ခဲ့​သေးတယ်လို့ သေဆုံးသူနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“သူက စစ်တပ်ထောက်ခံတဲ့သူ။ လှုပ်ရှားမှုလုပ်တဲ့သူတွေကို ဖိအားလိုက်ပေးတယ်။ သူ့ကို တခါပစ်ပြီးပြီ။ ခြေထောက် ထိသွားတယ်။ အခုတခါတော့ မြို့ထဲမှာပဲ ဝင်ပစ်လိုက်တော့ သေသွားတယ်။”

ဖြစ်စဥ်ဖြစ်ပွားပြီးနောက်ပိုင်း အကြမ်းဖက်စစ်ကောင်စီတပ်တွေ ရောက်ရှိလာပြီး စစ်ဆေးစုံစမ်းတာ၊ လုံခြုံရေးတင်း​ကျပ်တာတွေ လုပ်ဆောင်နေပါတယ်။

1 month Ago
Up