သံတမန် ၂ ဦး

August 22, 2021

စစ်ကောင်စီက အစားထိုးခန့်အပ်မည့် သံတမန် ၂ ဦးကို ဂျပန်က ဗီဇာထုတ်မပေး

တိုကျိုမြို့ မြန်မာသံရုံးက  အာဏာဖီဆန် CDM လှုပ်ရှားမှုမှာပါဝင်တဲ့ သံအရာရှိ  ၂  ယောက်ရဲ့ နေရာအစားဝင်မယ့် စစ်ကောင်စီခန့် သံတမန် ၂ ယောက်အတွက်  ဂျပန်အစိုးရက ဗီဇာထုတ်ပေးဖို့ ငြင်းဆန်ထားတယ်လို့ ဂျပန်အခြေစိုက်ကျိုဒိုသတင်းဌာနက ဖော်ပြပါတယ်။ 

တကယ်လို့လက်ခံလိုက်ပါက အာဏာသိမ်းမြန်မာစစ်အုပ်စုကို အသိအမှတ်ပြုရာ ရောက်မယ့် သဘောဖြစ်သွားမယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိကို ကိုးကားပြီး ကျိုဒိုသတင်းဌာနကဆိုပါတယ်။ 

ဂျပန်အစိုးရအနေနဲ့ မြန်မာစစ်ကောင်စီက မတ်လ ၁၅ ရက် ရက်စွဲနဲ့ ရာထူးထုတ်ပယ်ကြောင်း ကြေညာထားတဲ့ သံအရာရှိနှစ်ဦးရဲ့ သံတမန်ရာထူးအဆင့်အတန်းကို ဆက်လက် အသိအမှတ်ပြုထားပြီး  သူ့နေရာမှာ  အစားထိုးဖို့  တခြားသံတမန်နှစ်ဦးကို တိုကျိုသို့ စေလွှတ်ဖို့ ကြိုးပမ်းနေစဉ် အခုလို ဂျပန်ဘက်က ဗီဇာထုတ်ပေးဖို့ ငြင်းဆန်လိုက်တာပါ။ 

မတ်လ ၆ ရက်က တိုကျိုမြို့ရှိ မြန်မာသံရုံးမှ ပထမအတွင်းဝန်  ဦးအောင်စိုးမိုးက သူ့အနေနဲ့ မိမိဆန္ဒအလျောက် မြန်မာပြည်သူတွေနဲ့အတူ  Civil Disobedience Movement (CDM)မှာ ပူးပေါင်းပါဝင်မယ်လို့ ကြေညာခဲ့တာပါ။ 

သူဟာ မြန်မာပြည်သူတွေနဲ့အတူရပ်တည်ပြီး  မြန်မာနိုင်ငံသားတစ်ယောက်ရဲ့ ဆန္ဒကို ငြိမ်းချမ်းစွာ ထုတ်ဖော်တာဖြစ်ပြီး လက်ရှိရာထူးကနေ နုတ်ထွက်တာ လုံးဝ မဟုတ်ကြောင်းကိုလည်း ကြေညာထားပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ နေရာကို စစ်တပ်ခန့် အရာရှိတစ်ဦးနဲ့  အစားထိုးဖို့  မြန်မာစစ်ကောင်စီက တောင်းဆိုထားတာနဲ့ပတ်သက်ပြီး   အဖွဲ့ဝင်နိုင်ငံတွေက ဘယ်သူ့ကို အသိအမှတ်ပြု လက်ခံမည်လဲဆိုတာကိုလည်း  ဂျပန်အစိုးရအနေနဲ့ အနီးကပ် စောင့်ကြည့်နေပုံရပါတယ်။

နိုင်ငံအသီးသီးရှိ  မြန်မာသံရုံးတွေက သံတမန်ပေါင်း ၂၀ ကျော်ဟာ  စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့  အာဏာဖီဆန် CDM လှုပ်ရှားမှုမှာ ပါဝင် ပြည်သူနဲ့ ပူးပေါင်းခဲ့ကြတာဖြစ်ပါတယ်။

3 months Ago
Up