လတ်တလော ဖြစ်ပျက်နေတဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေအကြား အထူးအစည်းအဝေး ဆွေးနွေးပွဲတရပ်ကို ဒီကနေ့ ကျင်းပဖို့ ရှိနေပါတယ်။
ဒီဆွေးနွေးပွဲမှာတော့ အာဆီယံ ၁၀ နိုင်ငံအနေနဲ့ ဒေသတွင်း အဖွဲ့ဝင် နိုင်ငံတနိုင်ငံ အနေနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ရုတ်တရက်ရင်ဆိုင်ရတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။
လက်ရှိအချိန်ထိတော့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်က စတင်ပြီး ၅ နှစ်သက်တမ်းရှိ အရပ်သားအစိုးရကို စစ်တပ်က အာဏာသိမ်းမှုအပေါ် ဒေသတွင်း သံတမန်ရေးရာ တုံ့ပြန်မှုအနေနဲ့ အင်ဒိုနီးရှားနိုင်ငံက ဦးဆောင်နေတာကို တွေ့ရပါတယ်။
ဒီကနေ့ ပြုလုပ်မယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးမှာတော့ အာဏာသိမ်း စစ်တပ်က အသစ်ခန့်အပ်ထားတဲ့ နိုင်ငံခြားရေး၀န်ကြီး ဦးဝဏ္ဏမောင်လွင်က မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ တက်ရောက်ဆွေးနွေးလိမ့်မယ်လို့ မျှော်မှန်းရပါ တယ်။
ပြီးခဲ့တဲ့ တပတ်လောက်ကတော့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်တ်နိုမာဆုဒီနဲ့ ဦးဝဏ္ဏမောင်လွင်တို့ဟာ ထိုင်းနိုင်ငံမှာ အလွတ်သဘော တွေ့ဆုံခဲ့ကြပါတယ်။ အဲဒီတွေ့ ဆုံပွဲကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးပါ တက်ရောက်ခဲ့ကာ ဒါဟာ မြန်မာအာဏာသိမ်း စစ်အစိုးရနဲ့ တရားဝင်ဆက်ဆံရေး ဖြစ်လာစေဖို့ဆိုပြီး လူ့အခွင့်အရေးအုပ်စုတွေအပါအဝင် အားလုံးက ဒေါသထွက်ခဲ့ကြပါတယ်။
ခုသီတင်းပတ်အတွင်း မြန်မာစစ်တပ်ရဲ့ ရက်ရက်စက်စက် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လမ်းပေါ်ထွက် ဆန္ဒပြသူ ၁၈ ဦးထက်မနည်း သေဆုံးမှုတွေရှိလာခဲ့ပြီးနောက် ပိုပြီးတော့ ပြစ်တင်ရှုတ်ချမှုတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ပါတယ်။
နယူးဇီလန်နိုင်ငံနဲ့ တခြားသော နိုင်ငံတွေလိုပဲ ဩစတြေးလျနိုင်ငံကိုလည်း အာဏာသိမ်းစစ် တပ်နဲ့ ဆက်သွယ်မှုပြုလုပ်ဖို့ ငြင်းဆိုဖို့နဲ့ ပိုမိုအားကောင်းတဲ့ ရပ်တည်ချက်အနေနဲ့ တွန်းအားပေးခံထားရပါတယ်။
အင်ဒိုနီးရှားနိုင်ငံကတော့ စစ်တပ်အာဏာပိုင်တွေနဲ့ ဆက်သွယ်ရုံသာမက တနှစ်အတွင်း ရွေးကောက်ပွဲ ပြန်လည်ကျင်းပဖို့ ကတိကဝတ်နဲ့ စစ်အာဏာသိမ်းမှုကို တရားဝင်ဖြစ်စေတဲ့ သဘောထားကြောင့် ကျယ်ကျယ်လောင်လောင် ဝေဖန်ခံနေခဲ့ရတာပါ။
ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် မြန်မာနိုင်ငံရဲ့ အထွေအထွေရွေးကောက်ပွဲမှာ ဒေါ်အောင် ဆန်းစုကြည်ဦးဆောင်တဲ့ အန်အယ်ဒီပါတီအနိုင်ရရှိခဲ့မှုဟာ အောင်ပွဲအသံတခုဖြစ်ခဲ့ပြီး ပါတီထောက်ခံသူတွေက ဒီရွေးကောက်ပွဲရလဒ်ဟာ တရားဝင်ဖြစ်တာမို့ ပြန်ပြီးတော့ ကျင်းပဖို့ မလိုအပ်ဘူးလို့ ငြင်းဆိုထားကြပါတယ်။
“ငါတို့မြန်မာပြည်သူတွေအားလုံးက ငါတို့အစိုးရကို ရွေးချယ်ခဲ့ကြပြီးပြီ။ ရွေးကောက်ပွဲ ပြန်ကျင်းပဖို့ မလိုအပ်ဘူး။ အလိုမရှိဘူး။ အာဆီယံအနေနဲ့ မြန်မာပြည်သူတွေရဲ့ မဲတွေကို လေးစားသင့်တယ်”လို့ တွစ်တာလူမှုကွန်ရက်ပေါ်မှာ မြန်မာနိုင်ငံသားတယောက်က ရေးတင်ထားပါတယ်။
ဒီလိုအခြေအနေမှာ အာဆီယံအနေနဲ့ ဘယ်လိုဆက်ဆံရေးမျိုးကို ဆက်လုပ်ကြမလဲ။ အင်ဒိုဝန်ကြီး ရက်တ်နိုက ဦးဝဏ္ဏမောင်လွင်ကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရည်ညွှန်း တွေ့ဆုံခဲ့တာမျိုးကို ရှောင်ရှားနိုင်ဖို့၊ နို၀င်ဘာရွေးကောက်ပွဲမှာ အမတ်နေရာတွေ အနိုင်ရခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနဲ့လည်း ဆက်သွယ်ဖို့တွေ ရှိလာပါတယ်။
ခြံစည်းရိုးရဲ့ နှစ်ဘက်စလုံးမှာ လမ်းလျှောက်ရတာ မလွယ်ကူလှပါဘူး၊ ဒါပေမဲ့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုကတော့ သူ့ရဲ့လုပ်ရပ်တွေက မြန်မာပြည်သူတွေကို ကူညီနိုင်မယ်ဆိုရင် ဝေဖန်မှုတွေကို ခံနိုင်တယ်လို့ ပြောလိုက်ပါတယ်။
အင်ဒိုဝန်ကြီး ရက်တ်နိုကတော့ ဒီအရေးမှာ “အင်ဒိုနီးရှားက ရပ်တန့်နေမှာ မဟုတ်ပါဘူး။ ဘာမှမလုပ်တာက ရွေးချယ်စရာ မဟုတ်ဘူး” လို့ ဒေသတွင်း သတင်းမီဒီယာတွေကို ပြောခဲ့တာပါ။
ယူကေနိုင်ငံဆိုင်ရာ အင်ဒိုနီးရှား သံအမတ်ဟောင်းတဦးဖြစ်တဲ့ ရီဇယ်လ်ဆုခ်မာရဲ့ ထင်မြင်ချက်ကိုတော့ ပြီးခဲ့တဲ့ တပတ်က သည်ဂျကာတာပို့စ်သတင်းမှာ ဖော်ပြထားခဲ့ပါတယ်။
“အင်ဒိုနီးရှားအတွက် အလွယ်ဆုံး ရွေးချယ်မှုက စစ်အာဏာသိမ်းမှုကို ပြစ်တင် ရှုတ်ချပြီး အဆက်အသွယ်အားလုံးဖြတ်မယ်၊ ပိတ်ဆို့အရေးယူမှုတွေလုပ်ပြီး မြေပြင်မှာ ဘာတွေဖြစ်နေမလဲဆိုတာကို ထိုင်ကြည့်နေရုံပဲပေါ့။ ဒီချဉ်းကပ်မှုက ကောင်းတဲ့ ခံစားမှု ပေးပေမယ့် မြန်မာပြည်သူတွေအတွက်တော့ အများကြီး အကျိုးရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့် အင်ဒိုနီးရှားအနေနဲ့ ဒီလိုချဉ်းကပ်မှုမျိုးကို မရွေးချယ်ပဲ သွေးထွက်သံယို ဖြစ်စေမှုတွေကို ရှောင်ရှားဖို့၊ ကုန်ကျစရိတ်တွေ အားလုံးကို ကာကွယ်နိုင်ဖို့ တက်တက်ကြွကြွ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်”
စင်ကာပူနိုင်ငံ အပြည်ပြည်ဆိုင်ရာ မဟာဗျူဟာလေ့လာရေးအင်စတီကျု၊ အရှေ့ တောင်အာရှနိုင်ငံရေးပြောင်းလဲမှုနဲ့ နိုင်ငံခြားရေးမူဝါဒသုတေသီ အေရွန်ကော်နဲလီက “မြန်မာမှာ နှစ်ဘက်စလုံးက ဝေးနေသမျှကာလပတ်လုံး အဓိပ္ပာယ်ပြည့်ဝတဲ့ ဖျန်ဖြေမှု ဖြစ်မလာနိုင်တာက စိန်ခေါ်မှုတခု ဖြစ်ပါတယ်”လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့မယ့် နိုင်ငံရေး ပြေလည်မှုတွေရရှိနိုင်ဖို့ သက်ဆိုင်တဲ့ အဖွဲ့အားလုံး တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့ စင်ကာပူနိုင်ငံခြားရေး၀န်ကြီး ဘာလာ ခရစ်ရှ်နန်ကလည်း တိုက်တွန်းထားပြီး ဒီလိုညှိနှိုင်းဆွေးနွေးတာတွေ လုပ်ဆောင်ဖို့ဆိုရင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိပ်တန်းခေါင်းဆောင်တွေကို ချက်ချင်းလွှတ်ပေးမှပဲ ဖြစ်မယ်လို့လည်း တောင်းဆိုထားပါတယ်။
ရွေးကောက်ပွဲ အနိုင်ရ အန်အယ်ဒီပါတီနဲ့ အာဏာသိမ်းစစ်တပ်ကြား နိုင်ငံရေး အကျပ်အတည်းကနေ ကျော်လွှားနိုင်ဖို့ အာဆီယံဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေတယ်လို့ ထင်မြင်မှုတွေလည်း ရှိနေသလို တဘက်ကလည်း အာဆီယံ ၁၀ နိုင်ငံ မိသားစု ခေါင်းစဉ်အောက်မှာ အဖွဲ့ဝင်နိုင်ငံတွေကြား နိုင်ငံရေးဆိုင်ရာ အလေးပေးမှုတွေတက် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုနဲ့ တည်ငြိမ်အေးချမ်းရေးတွေအပေါ်မှာသာ ပိုအလေးပေးတယ် ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေပါတယ်။
REF: Emma Connors / Financial Review