သံစုံတီးဝိုင်းခေါင်းဆောင်

April 2, 2017

အင်္ဂလန်က အသက် ၁၁ နှစ်အရွယ် သံစုံတီးဝိုင်းခေါင်းဆောင် (ရုပ်သံ)

အင်္ဂလန်နိုင်ငံ၊ နော်တင်ဟမ်ရှိုင်းယားဒေသ၊ နော်တင်ဟမ်မြို့ ကာလ်တန်ရပ်ကွက်က အသက် ၁၁ နှစ်အရွယ် မက်သရူးးစမစ်သ်ဟာ ဒီအပတ်ထဲမှာ ကမ္ဘာ့အသက်အငယ်ဆုံး သံစုံတီးဝိုင်း ခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်လာတယ်လို့ ဘီဘီစီရဲ့ ဧပြီ ၁ ရက်နေ့ သတင်းမှာ ဖော်ပြထားပါတယ်။ မက်သရူးစမစ်သ်ဟာ နော်တင်ဟမ် သံစုံတေးဂီတဝိုင်းကြီးကို ဦးဆောင်မှာ ဖြစ်ပြီး အရွယ်ရောက်ပြီးသူ ၇၅ ဦးကို ထိန်းချုပ်ဦးဆောင်ရတာ လွယ်တဲ့ အလုပ်မဟုတ်ဘူးလို့ မက်သရူးက ပြောပါတယ်။ “အင်မတန်ကြီးကျယ်တဲ့ သူ့ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်ကို မက်သရူးက လုပ်ပြခဲ့တာပါ။ ဒါက တကယ်ကိုလည်း အံ့သြစရာကောင်းပါတယ်။ သူက အသက် ၁၁ နှစ်ပဲ ရှိသေးပြီး ကျနော်တို့ လူကြီးတွေနဲ့ ထိန်းညှိပြီး လုပ်ပြသွားတာ” လို့ တေးဂီတဝိုင်းက အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ တေးဂီတဝိုင်းအဖွဲ့ဝင် နောက်တဦးကလည်း သူက ကျမတို့ရဲ့ အရင်က သံစုံဂီတဝိုင်းခေါင်းဆောင် လူကြီးတွေထက် တကယ်ကို ပိုသာပါတယ်လို့ ပြောပါတယ်။ သူ့အနေနဲ့ လူကြီး ၇၅ ယောက်ကို အချိန်မီ တဦးနဲ့တဦး ချိတ်ဆက်တီးခတ်သွားနိုင်အောင် ဦးဆောင်စီမံနေရတာကို ရုပ်သံထဲမှာ တွေ့ရမှာပါ။ “လူကြီးတွေအားလုံးကို ထိန်းချုပ်ရတဲ့အလုပ်က တကယ်ကို ခက်ပါတယ်။ ဘာလို့လဲဆိုတော့ ကလေးတယောက်အနေနဲ့က လူကြီးတွေကို ထိန်းချုပ်နေကျ မဟုတ်ဘူးလေ၊ ကျနော်ကသာ လူကြီးတွေရဲ့ ထိန်းချုပ်ခံရတာ၊ ကျနော်က သီချင်းတစ်ပုဒ်ကို တီးခတ်တော့မယ်ဆို သူတို့ စတီးခတ်ချိန်မှာနဲ့ ပြီးချိန်မှာ ဟိုဟာလုပ် ဒါလုပ်ဆိုပြီး သူတို့ကို ခိုင်းရတာဖြစ်နေတယ်” လို့ မက်သရူးက ဆိုပါတယ်။ “သူဒီလောက် တော်နေတာ၊ စွမ်းရည်ရှိတာ ကျနော်တို့ တကယ်ကို မသိဘူး၊ ဒါက တကယ်လည်း စိတ်လှုပ်ရှားစရာပါ” လို့ သံစုံတီးဝိုင်းအဖွဲ့ဝင်နောက်တစ်ဦးက ပြောပါတယ်။
4 years Ago
Up