သံဃာတော် ၃၀၀ ကျော်

October 5, 2020

ဆွမ်းအခက်အခဲဖြစ်နေသည့် လပွတ္တာသံဃာတော် ၃၀၀ ကျော်အတွက် အဖြူရောင်ဧရာဝတီအဖွဲ့ ဆွမ်းခံပေး

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်တက်နေတဲ့ ကာလအတွင်း ဆွမ်းခံထွက်ဖို့ အခက်အခဲဖြစ်နေတဲ့ သံဃာတော်အပါး ၃၀၀ ကျော်အတွက် အဖြူရောင်ဧရာဝတီအဖွဲ့က အောက်တိုဘာ ၁ ရက်နေ့က စတင်ကာ  ဆွမ်းခံပေးနေတယ်လို့ သိရပါတယ်။ လပွတ္တာမြို့ပေါ်ရှိ စာသင်တိုက် ၅ တိုက်နဲ့ ဘုန်းကြီးကျောင်း ၈ ကျောင်းရှိ သံဃာတော် အပါး ၃၀၀ ကျော်အတွက် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့အချိန်ကာလအတွင်း အပြင်ထွက် ဆွမ်းခံရင် ရောဂါ ကူးစက်လာနိုင်သလို အခြားသူတွေကိုလည်း ကူးစက်မှာ ဆိုးတာကြောင့် ဆွမ်းခံမထွက်တော့တဲ့ သံဃာတော်တွေအတွက် အဖြူရောင်ဧရာဝတီ အဖွဲက ဆွမ်းခံပေးနေတာဖြစ်တယ်လို့ ကိုစိုးသီဟမင်းက ပြောပါတယ်။ “ကိုယ့်ဘာသာ လုပ်ပေးတာပါ ကိုယ့်အဖွဲ့နဲ့ ကိုယ်လုပ်ဖြစ်တာပေါ့။ တော်တော်များများလည်း စီးပွားရေးအဆင်မပြေဘူးလေ။ ဆရာတော်တွေလည်း ကူးစက်ခံရမှာနဲ့ ပျံနှံမှာဆိုးတော့ မထွက် ကြတော့ဘူး၊ အဲ့တော့ အစ်ကိုတို့အဖွဲ့အနေနဲ့ နိုင်တဲ့အပိုင်းက ဝိုင်းလုပ်ပေးဖြစ်တာပါ”လို့ ပြောပါတယ်။ အဖြူဧရာဝတီအဖွဲ့အနေနဲ့ နေ့စဉ်ဆွမ်းခံပေးသွားမှာဖြစ်ပြီး အဖွဲ့အနေနဲ့ ညနေပိုင်းမှာ ဆွမ်းခွက်တွေကို လိုက်ပေးထားပြီး မနက် ၉ နာရီလောက်မှစတင်ကာ ဆွမ်းခွက်လိုက်သိမ်းကာ ၁၁ နာရီလောက်မှာ သံဃာတော်တွေထံ လိုက်ကပ်ပေးနိုင်သလို ရောဂါအခြေအနေပေါ်ကြည့်ပြီးတော့ လကုန်ပိုင်းအထိ ဆက်လက်လုပ်ဆောင်ပေးသွားမယ်လို့ ဆိုပါတယ်။ လပွတ္တာမြို့အခြေစိုက် အဖြူရောင်ဧရာဝတီအဖွဲ့ဟာ  သဘာဝဘေးကယ်ဆယ်ရေး လုပ်ငန်းတွေ ကိုလုပ်ဆောင်နေတဲ့ အဖွဲ့ဖြစ်ပြီး ကိုဗစ်ကာလ စားဝတ်နေရေးအခက်အခဲရှိနေတဲ့ အိမ်ထောင်စုတွေကို ထောက်ပံ့ပေးနေသလို ဆွမ်းအခက်အခဲရှိတဲ့ သံဃာတော်များအတွက်လည်း ဆွမ်းခံပေးတာတွေ ပြုလုပ်ပေးနေတာပါ။ လပွတ္တာမြို့မှာ ကိုဗစ်-၁၉ ရောဂါ ပထမလှိုင်း မေလပိုင်းတုန်းကလည်း အဖြူရောင် ဧရာဝတီအဖွဲ့က ရောဂါကူးစက်မှုမဖြစ်ပွားအောင် ဆွမ်းခံမထွက်တော့တဲ့ စာသင်တိုက် ၅ တိုက်က သံဃာတော်တွေနဲ့ ဘုန်းကြီးကျောင်းတွေက သံဃာတော်အပါး စုစုပေါင်း ၃၀၀ နီးပါးအတွက် ဆွမ်းခံပေးတာတွေလည်း ပြုလုပ်ခဲ့ပါတယ်။ သတင်း - မင်းထက်မုန်း (ပုသိမ်)၊ ဓာတ်ပုံ- အဖြူရောင်ဧရာဝတီအဖွဲ့
7 months Ago
Up