သံချပ်အဖွဲ့

May 20, 2019

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကို တရားရုံးထုတ်ရာတွင် ရုန်းရင်းဆန်ခတ်ဖြစ်ပွား (ရုပ်သံ)

တပ်မတော်ကနေ တရားစွဲထားတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ကျောင်းသား လူငယ်တွေကို ဒီကနေ့ ပထမဆုံးအကြိမ်ရုံးထုတ်မှာ မိသားစုဝင်တွေ၊ ဝန်းရံသူတွေနဲ့ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေ အကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။ တရားရုံးထုတ်ချိန် မွန်းလွဲ ၁ နာရီ အရောက်လာဖို့ တရားသူကြီးက မှာထားပေမယ့် ဖမ်းဆီးခံကျောင်းသားတွေကို လက်ထိတ်ခတ်တာကြောင့် ညနေ ၃ နာရီကျော်မှ တရားရုံးကို ရောက်လာတာလို့ ဒေါင်းတို့မျိုးဆက် အဖွဲ့ဝင်တွေက ပြောကြားပြီး အချုပ်ကားပေါ်ကအဆင်းမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တာပါ။ ဒေါင်းတို့မျိုးဆက် သင်္ကြန်သံချပ်အဖွဲ့ဝင် ၇ ဦးကို ဗိုလ်တထောင်မြို့နယ်တရားရုံးမှာ တပ်မတော်ရေတပ် ဒုဗိုလ်မှူးကြီးက တရားလိုလုပ်ပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) နဲ့ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) တို့နဲ့ တရားစွဲဆိုထားတာပါ။ ဒေါင်းတို့မျိုးဆက်အဖွဲ့က အခြားအဖွဲ့ဝင် ၅ ယောက်ဟာလည်း ပုဒ်မ ၅၀၅ (က) နဲ့ မရမ်းကုန်းတရားရုံးမှာ တရားစွဲဆိုခံထားရပြီး အင်းစိန်ထောင်မှာ ဧပြီလကတည်း ဖမ်းဆီးခံ ထားရတာပါ။ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ရဲ့ ပြီးခဲ့တဲ့သင်္ကြန်တွင်း ဖျော်ဖြေမှုတွေနဲ့ လူမှုကွန်ရက် ပေါ်မှာ တိုက်ရိုက်ထုတ်လွှင့် တင်ဆက်ခဲ့မှုတွေက တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်တယ်ဆိုပြီး တပ်မတော်က တရားစွဲဆိုခဲ့တာပါ။ ရုပ်သံ- ပြည့်ဘုန်းအောင်
2 years Ago

May 17, 2019

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ၂ဦးကို ထပ်မံတရားစွဲပြီး အင်းစိန်ထောင် ပို့ဆောင်

တပ်မတော်က ထပ်မံတရားစွဲဆိုထားတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် မစုရတနာမြင့်နဲ့ ကိုချစ်ယုံ(ခေါ်) ကိုငြိမ်းချမ်းစိုးတို့ နှစ်ဦးကို ဗိုလ်တထောင်မြို့နယ် တရားရုံးမှာ ဒီမနက် ရုံးထုတ်စစ်ဆေးပြီး  အာမခံမပေးဘဲ အင်းစိန်အကျဉ်းထောင်ကို ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်။ ဒီမနက်ရုံးချိန်းမှာတော့ မူလက မရမ်းကုန်းမြို့နယ်မှာ တရားစွဲဆိုခံထားရပြီး အင်းစိန်ထောင်ထဲ ကနေ အမှုရင်ဆိုင်နေရတဲ့ ကျောင်းသားလူငယ် ၅ ဦး ရောက်မလာဘဲ  ထပ်မံ တရားစွဲဆိုခဲ့တဲ့ ၂ ဦးကိုတော့ အင်းစိန်ထောင်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလို့ ဒီအမှုကို လိုက်ပါဆောင်ရွက်နေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်က ပြောပါတယ်။ ရုံးထုတ်စစ်ဆေးရာမှာ အင်းစိတ်ထောင်မှာ ဖမ်းဆီးတရားစွဲခံနေရတဲ့ ဒေါင်းတို့မျိုးဆက်အဖွဲ့ဝင် ၇ ဦးကတော့ စုံလင်ခြင်းမရှိတာကြောင့် ဆက်လက်မစစ်ဆေးတော့ဘဲ လာမယ့်ရုံးချိန်းကို မေ ၂၀ ရက်ကို ပြန်လည်ချိန်းဆိုခဲ့ပါတယ်။ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်တွေဖြစ်တဲ့ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုဇော်လင်းထွဋ် (ခေါ်) ဖိုးသား၊ ကိုပိုင်ဖြိုးမင်း၊ မကေခိုင်ထွန်းတို့ ၅ ဦးကို အင်းစိန်ထောင်မှာ ဖမ်းဆီးထားရာက မစုရတနာမြင့်နဲ့ ကိုချစ်ယုံတို့ကိုလည်း ထပ်မံဖမ်းဆီးလိုက်ပြီး ကျောင်းသားလူငယ် စုစုပေါင်း ၇ ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)အပြင် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)နဲ့ပါ ဒုဗိုလ်မှူးကြီး မျိုးမင်းဦးက တရားစွဲဆိုထားတာပါ။ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဟာ ပြီးခဲ့တဲ့ သင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းအတွင်း လှည့်လည်ဖျော်ဖြေရာမှာ တပ်မတော်ကို အကြည်ညိုပျက်စေတဲ့ စာသားတွေပါဝင်တယ်ဆိုပြီး  တပ်မတော်က တရားစွဲဆိုလိုက်တာပါ။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုတွေ အပေါ်တပ်မတော်က တရားစွဲဆိုနေတာကို ကန့်ကွက်ဆန့်ကျင်တဲ့ အပြာရောင်ရှပ် အင်္ကျီဝတ်ဆင်လှုပ်ရှားမှုကို ဗိုလ်တထောင်တရားရုံးရှေ့မှာ အရပ်ဘက်အဖွဲ့ အစည်းတွေက ဒီကနေ့ စတင်လိုက် ပါတယ်။ ဓာတ်ပုံ-Peacock Generation
2 years Ago
More News
Up