သံကြိုးတုပ်

October 11, 2019

သံကြိုးတုပ် လှောင်ချိုင့်ထဲပိတ်လှောင်ခံထားရသူ ၇၀ ခန့်ကို ထရီနင်ဒက်ရဲ ကယ်ဆယ်

ကာရေဘီယံကျွန်းနိုင်ငံတခုဖြစ်တဲ့ ထရီနင်ဒက်နိုင်ငံက ပြန်လည်ထူထောင်ရေး စင်တာတခုမှာ သံကြိုးတွေနဲ့တုပ်နှောင်ပြီး လှောင်ချိုင့်တွေထဲ ပိတ်လှောင်ခံထားရတဲ့ ဒါဇင်နဲ့ချီတဲ့လူတွေကို အောက်တိုဘာ ၉ ရက်က တွေ့ခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အာရူကာမြို့က ပြန်လည်ထူထောင်ရေးဌာနဟာ အကျဉ်းသမားဟောင်းတွေနဲ့ မူးယစ်ဆေးစွဲနေသူတွေကို စောင့်ရှောက်ပေးတဲ့ဌာနဖြစ်ပြီး ဘာသာရေးအဖွဲ့တခုက ဦးစီးနေတာ ဖြစ်ပါတယ်။  ခေတ်သစ်ကျေးကျွန်ပြုတာကို နှိမ်နင်းရေးစီမံချက်အရ မနေ့က အဲဒီဌာနကို ဝင်ရောက်ရှာဖွေခဲ့ပြီး အမျိုးသား ၆၅ ယောက်နဲ့ အမျိုးသမီး ၄ ယောက်ကို ကယ်ဆယ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။  အဲဒီအမှုနဲ့ ပတ်သက်လို့ ဌာနထဲက လူ ၆ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။ ပြတင်းပေါက်မရှိတဲ့ အခန်းတွေထဲမှာ ခွေးလှောင်အိမ်လိုမျိုး လှောင်ချိုင့်တွေနဲ့ အိပ်ရာတွေမှာ လက်ထိတ်တွေ ချိတ်ထားတဲ့ ရုပ်သံဖိုင်ကို ရဲတပ်ဖွဲ့က ဖော်ပြခဲ့ပါတယ်။  ပြန်လည်ထူထောင်ရေးဌာနမှာ ရှိနေတဲ့လူအားလုံးဟာ ထရီနင်ဒက်နဲ့ တိုဘာဂို နိုင်ငံသားတွေပါ။ လက်ရှိအခြေအနေဟာ လူကုန်ကူးတာဖြစ်နိုင်ပြီး ကယ်ဆယ်ခံရတဲ့ လူတချို့ဟာလည်း နှစ်ပေါင်းများစွာ အကျဉ်းချနှိပ်စက်ခံထားရတဲ့ အနေအထားရှိတယ်လို့ ရဲမင်းကြီး ဂယ်ရီဂရေးဖစ်က ပြောပါတယ်။  ရဲတပ်ဖွဲ့က ကယ်ဆယ်ခဲ့တဲ့အမျိုးသား အမျိုးသမီးတွေဟာ အငယ်ဆုံး အသက် ၂၀ ကနေ အကြီးဆုံး အသက် ၆၀ အထိ ရှိကြပြီး လက်ရှိမှာတော့ ဆေးရုံမှာ ကုသမှုခံယူနေကြပါတယ်။ ပြန်လည်ထူထောင်ရေးဌာနကို လွန်ခဲ့တဲ့ ၁၉ နှစ်က သင်းအုပ်ဆရာ ဂလန်အန်ဝေါင်က တည်ထောင်ခဲ့ပါတယ်။ သူက ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို မတုံ့ပြန်သေးဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
2 years Ago
Up