သဲတောမြို့တွင်

January 6, 2017

သဲတောမြို့တွင် ဆိုင်ကယ်ချင်းတိုက်မိ၊ ၁ ဦးသေဆုံး

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် သဲတောမြို့ မီးသတ်တပ်ဖွဲ့ရုံးရှေ့ လမ်းမပေါ်မှာ ဇန်န၀ါရီ ၅ ရက်၊ ည ၈ နာရီလောက်က ဆိုင်ကယ် ၂ စီး တိုက်မှုဖြစ်ပွားလို့ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ၀မ်းတွင်းဘက်ကနေ ကိုင်ဇာဦး မောင်းလာတဲ့ ဆိုင်ကယ်နဲ့ သဲတောဘက်ကနေ ရဲနိုင်စိုး မောင်းနှင်ပြီး  ကျော်ဇင်သက် လိုက်ပါလာတဲ့ ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိကြတာ ဖြစ်ပါတယ်။ ယာဉ်တိုက်မှုကြောင့် ရဲနိုင်စိုး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး ကိုင်ဇာဦးနဲ့ ကျော်ဇင်သက်တို့ ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ ၀မ်းတွင်း မြို့မရဲစခန်း ဒုရဲအုပ်အောင်ကိုကိုက ပြောပါတယ်။ “လမ်းအလယ်မှာ မျက်နှာချင်းဆိုင် တိုက်မိကြတာ။ ရဲနိုင်စိုး ဝဲဘက်ရင်ဘတ်ပေါက်ပြဲ ဒဏ်ရာနဲ့ သေဆုံးတယ်။ ကိုင်ဇာဦးက ယာဘတ်ရင်ဘတ်ပွန်းပဲ့ဖူးရောင်ပြီး ဒူးနဲ့ ခြေထောက်တွေ ပွန်းပဲ့ကုန်တယ်။ ကျော်ဇင်သက်က အပေါ်နှုတ်ခမ်းကွဲပြီး ပွန်းပဲ့ဒဏ်ရာတွေ ရကုန်တယ်။ ၀မ်းတွင်းမြို့ ပြည်သူဆေးရုံ ပို့ထားပါတယ်။” သဲတောမြို့ အမှတ် ၁ ရပ်အုပ်ချုပ်ရေးမှူး ဦးတင်အေးက “သဲတောမြို့မှာ လွတ်လပ်ရေးအောင်ပွဲ စတိတ်ရှိုးပွဲတွေပါတော့ သဲတော-ဝမ်းတွင်း ကားလမ်းပေါ်မှာ သွားလာစည်ကားနေကြတာ။ ဆိုင်ကယ်တွေ စီးကြတာ အရှိန်များတော့ သေသွားတဲ့ ကောင်လေး ဆိုင်ကယ်လက်ကိုင်ကျိုးပြီး ရင်ဘတ်ဆောင့်မိတယ်ထင်တယ်။ ဆိုင်ကယ်ရှေ့ပိုင်းတွေ စုတ်ပြတ်ကုန်တာပဲ” လို့ ပြောပါတယ်။ ကိုင်ဇာဦးနဲ့ ရဲနိုင်စိုး (သေဆုံး) တို့ကို ယာဉ်မဆင်မခြင်မောင်းနှင်လို့ မိမိနှင့်အခြားသူ ပြင်းထန်စွာထိခိုက်စေမှု/သေဆုံးမှု ရာဇသတ်ကြီး ပုဒ်မ ၃၃၈၊ ပုဒ်မ၃၀၄ (က) တို့နဲ့ ဒုရဲအုပ်အောင်ကိုကိုက တရားလိုပြုလုပ်အမှုဖွင့် ဆောင်ရွက်နေပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
5 years Ago
Up