သဲအိမ်မောင်နေဝါ(ခ)ဦးဗိုလ်သံ

August 25, 2020

ရသစာရေးဆရာ သဲအိမ်မောင်နေဝါ(ခ)ဦးဗိုလ်သံ အသည်းရောဂါဖြင့် ကွယ်လွန်

ရသဝတ္ထုတွေ အရေးကောင်းတဲ့ မြန်မာ့ဝတ္ထုတိုလောကရဲ့ ကြယ်ပွင့် စာရေးဆရာ သဲအိမ်မောင်နေဝါ (ခ) ဦးဗိုလ်သံဟာ  ဩဂုတ်လ ၂၃ ရက် ညပိုင်းက ရန်ကုန်မြို့နေအိမ်မှာ ကွယ်လွန်သွားပါတယ်။ ဆရာ သဲအိမ်မောင်နေဝါဟာ ကွယ်လွန်ချိန်မှာ ၆၆ နှစ်အရွယ် ရှိနေခဲ့ပြီဖြစ်ကာ အသည်းရောဂါနဲ့ ဆေးကုသမှုခံယူနေရင်း သေဆုံးသွားခဲ့တာဖြစ်တယ်လို့ စာရေးဆရာ ဇော်ခိုင်ဦး(မန္တလေး)က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကတဆင့် ပရိသတ်တွေကို အသိပေး မျှဝေထားခဲ့တာပါ။ ဆရာ့ရဲ့ အမည်ရင်းက ဦးဗိုလ်သံဖြစ်ပြီး ၁၉၅၄ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ကာ သဲအိမ်မောင်နေဝါ အမည်နဲ့ ၁၉၇၈ ခုနှစ်၊ မတ်လထုတ် မိုးဝေမဂ္ဂဇင်း အမှတ် ၁၂၂ မှာ ဖော်ပြခံရတဲ့ မှောင်တော့မယ် ဝတ္ထုတိုနဲ့ စာပေလောကကို စတင်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ၁၉၈၀ ပြည့်လွန်ကာလတွေတလျှောက်  နာမည်ကျော် ရှုမဝ ရုပ်စုံမဂ္ဂဇင်းနဲ့ တခြားနာမည်ကြီးမဂ္ဂဇင်းတွေမှာပါ ဝတ္ထုတို၊ ဝတ္ထုရှည်ပေါင်းများစွာ နေရာ ပေး ဖော်ပြခံခဲ့ရတဲ့ ဆရာသဲအိမ်မောင်နေဝါရဲ့ စာတွေဟာ ဆယ်စုနှစ် ၄ စုလောက် ကြာတဲ့တိုင် အသိအမှတ်ပြုနေကြရဆဲ ဖြစ်ပါတယ်။ ဆရာ့ဝတ္ထုတွေကို နာမည်ပေးပုံဟာလည်း ထူးခြားပြီး အချစ်၏ အစိတ်အပိုင်း တစ်ခု၊ အောက်မေ့ဖော်၊ လွမ်းသူ့အိမ်၊ ဖျားနာတတ်သူ၊ ပွင့်သက်ပန်းနု၊ ပြတင်းတံခါး ပေါ်က နှင်းဆီပွင့်ဖတ်၊ ပိုးဟပ်ဖြူမလေးနှင့် ပြားခြောက်ဆယ်စတဲ့ နာမည်တွေကအစ ဖမ်းစားနိုင်တဲ့ အတတ်ပညာနဲ့ ဝတ္ထုတိုရွှေခေတ်ရဲ့ ပြယုဂ်တွေ ဖြစ်ခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်မှာတော့ ဆရာ သဲအိမ်မောင်နေဝါရဲ့ ‘ရင်ဘတ်က ရွှေဆွဲကြိုးနဲ့ကောင်ရဲ့အာရုံ’ ဝတ္ထုတိုစာအုပ် ထွက်ရှိနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာတော့ ဆရာ့ဝတ္ထုတို ၃၅ ပုဒ်ကို စုစည်းထားတဲ့ အသည်းကွဲတစ်ယောက်ရဲ့စွန်စာအုပ်ကို ထွက်ရှိနိုင်ခဲ့တာ ဖြစ်ပါ တယ်။ စာရေးကြဲတဲ့ ဆရာ သဲအိမ်မောင်နေဝါဟာ နောက်ပိုင်းမှာတော့ စာမရေးဖြစ်တော့ဘဲ နေလာခဲ့တာဖြစ်ပြီး နောက်ဆုံးထွက်ရှိခဲ့တဲ့ အသည်းကွဲတစ်ယောက်ရဲ့စွန်စာအုပ်ထဲမှာ ပါဝင်တဲ့ ဝတ္ထုတွေကတော့ ရှုမဝ၊ မိုးဝေ၊ သောင်းပြောင်းထွေလာ၊ မဟေသီ၊ စာပေလုပ်သား၊ ဟန်သစ်စတဲ့ နာမည်ကျော် မဂ္ဂဇင်းတွေမှာ ၁၉၇၈ ခုနှစ်ကနေ ၁၉၉၅ ခုနှစ်အတွင်း ရေးသားခဲ့တဲ့ ဝတ္ထုတွေ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဆရာ့ရဲ့ နာရေးသတင်းအပေါ် စာပေအသိုင်းအဝိုင်းနဲ့ ပရိသတ်တွေက ဝမ်းနည်းရကြောင်း ရေးသားဖော်ပြခဲ့ကြတာပါ။ စာရေးဆရာ အောင်ဇင်မင်းကတော့ ရေးခဲ့ဖူးတဲ့ ကဗျာတပုဒ်နဲ့အတူ ခုလိုရေးသားပြီး ဝမ်းနည်းစကား ဆိုထားခဲ့ပါတယ်။ “စာရေးဆရာ သဲအိမ်မောင်နေဝါ ကွယ်လွန် သွားခဲ့ရပေပြီ… နှစ်ပေါင်း လေးဆယ် နီးပါး စာပေလောကထဲဆီ၌ တွဲခဲ့ကြသော ဗိုလ်တထောင် မေမြို့ကွက်သစ်လေး၌ စာ​​ရေး ဆရာ သဲအိမ်​​​မောင်နေဝါ၏ ‘ကျေးလက်နွားနို့ဆိုင်’ လေး၌ အတူတကွ ဆွေးနွေးဝိုင်းလေး ဖွဲ့ခဲ့ကြရာမှ ရေးခဲ့ဖူးသောကဗျာတစ်ပုဒ်… သဲအိမ်မောင်နေဝါ(ဗိုလ်သံ)ကောင်းရာဘုံဘဝ ရောက်ပါစေသော်ဝ်” နာရေးအခမ်းအနားကိုတော့ ဒီကနေ့မနက်ပိုင်းမှာ ရေဝေးသုသာန်မှာ မီးသင်္ဂြိုဟ်မှာဖြစ်ပြီး လိုက်ပါပို့ဆောင်လိုတဲ့ စာပေမိတ်ဆွေတွေကို အသိပေးထားပါတယ်။
1 year Ago
Up