သြစတြေးလျနိုင်ငံ နယူးဆောက်ဝေးပြည်နယ်က မြို့တစ်ခုကိုပြီးခဲ့တဲ့ ဇန်နဝါရီလ ၈ ရက်နေ့က ပြင်းထန်တဲ့ သဲမုန်တိုင်းတခု တိုက်ခိုက်ခဲ့လို့ ကောင်းကင်တစ်ခုလုံး နီညိုရောင်အဖြစ်ကို ပြောင်းလဲသွားခဲ့ကြောင်း Ruters သတင်းမှာဖော်ပြပါတယ်။
ဒီမုန်တိုင်းဟာ အင်္ဂါနေ့ မွန်းလွဲ ၂ နာရီလောက်မှာ စတင်ပေါ်ပေါက်ခဲ့တာဖြစ်ပြီး ဒီဖြစ်ရပ်ကြောင့် အဲဒီဧရိယာမှာ နေထိုင်သူတွေဟာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနဲ့လည်း ကြုံတွေ့ခဲ့ရပါတယ်။
ဒီဖြစ်စဉ်ကို ဘာရယ်လန်မြို့မှာနေထိုင်တဲ့ အမျိုးသမီးတဦးက ဗွီဒီယိုရိုက် မှတ်တမ်းတင်ထားနိုင်ခဲ့ပြီး ထွက်ပေါ်လာတဲ့ ဗွီဒီယိုဖိုင်မှာဆိုရင် ပတ်ဝန်းကျင်တခုလုံးကို ဖုံးလွှမ်းထားတဲ့ အနီရောင်သဲမှုန်တွေနဲ့အတူ ယိမ်းထိုးနေတဲ့ သစ်ပင်ကြီးတွေကိုပါ မြင်တွေ့ရပါတယ်။
“လုံးဝကို မှောင်အထိကျသွားသလိုပါပဲ၊ အခုက မွန်းလွဲ ၂ နာရီပဲရှိသေးပေမယ့် နေရောင်ကို မမြင်ရတော့ပါဘူး၊ တယောက်ယောက်က နေလုံးကြီးကို စောင်နဲ့ ဖုံးအုပ်လိုက်သလိုပါပဲ” လို့ ဒီဖြစ်ရပ်ကို ရိုက်ကူးမှတ်တမ်းတင်နိုင်ခဲ့တဲ့ ဆဲလ်လီးစ်က Reuters ကိုပြောပါတယ်။
ဘာရယ်လန်ဒေသမှာ သဲမုန်တိုင်းဟာ မကြာခဏဆိုသလို ဖြစ်ပေါ်လေ့ရှိပေမယ့် ဒီလိုမျိုးတော့ အင်အားကြီးမားခဲ့ခြင်းမရှိပါဘူး။
“ကျမ မွေးကတည်းက ဒီနေရာ မှာပဲနေခဲ့တာပါ။ ကျမသက်တမ်းတလျှောက် ဒီလိုမျိုးပြင်းထန်တဲ့ သဲမုန်တိုင်းမျိုးကို တခါမှ မမြင်တွေ့ခဲ့ရဖူးပါဘူး” လို့လည်း သူမကပြောပါတယ်။
ဖြစ်တောင့်ဖြစ်ခဲ အင်အားပြင်း သဲမုန်တိုင်းကြောင့် အိမ်ပေါင်း ၅၀၀၀ ကျော် လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားခဲ့ပြီး အများစုကတော့ ဇန်နဝါရီ ၈ ရက်နေ့ညပိုင်းမှာ ပြန်လည်ရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဘာရယ်လန်မြို့အပြင် တီမိုရာနဲ့ အရီစ်ပါ့ခ် မြို့တို့လည်း အင်အားပြင်း သဲမုန်တိုင်းဒဏ်ကို ခံစားခဲ့ရတယ်လို့လဲ Reuters သတင်းမှာဖော်ပြပါတယ်။
2 years Ago