သောင်တင်သေဆုံး

October 24, 2020

နမီးဘီးယားကမ်းရိုးတန်းတွင် ပင်လယ်ဖျံ ၇၀၀၀ကျော် သောင်တင်သေဆုံး

အာဖရိကတောင်ပိုင်း နမီးဘီးယားကမ်းရိုးတန်းမှာ သောင်တင်သေဆုံးနေတဲ့ ပင်လယ်ဖျံ ကောင်ရေဟာ  ၇,၀၀၀ ကျော် သွားပြီလို့ အကျိုးအမြတ်မယူအဖွဲ့အစည်း Ocean Conservation Namibia (OCN) က အောက်တိုဘာ ၂၃ ရက်မှာပြောပါတယ်။   Pelican Point ကျွန်းဆွယ်မှာ  သေဆုံးနေတဲ့ ပင်လယ်ဖျံသားပေါက် ထောင်ချီ တွေ့ရတယ်လို့  ပြီးခဲ့တဲ့ သီတင်းပတ်မှာပဲ  OCN က  ပြောပါတယ်။  Pelican Point ဟာ ပင်လယ်ဖျံအုပ်တွေနဲ့ လင်းပိုင်အုပ်တွေ ကျက်စားရာ ခရီးစဉ်ဒေသ ဆိုပြီး ထင်ရှားပါတယ်။  သေဆုံးပင်လယ်ဖျံတွေကို နမီးဘီးယားဆိပ်ကမ်းမြို့  ဝယ်လ်ဘစ်ဘေးလ်ကမ်းခြေမှာ သောင်တင်နေတာလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ OCN ရေကြောင်းဇီဝပညာရှင်ကတော့ ပြီးခဲ့တဲ့သီတင်းပတ်စုံစမ်းရေးတွေအရ အရွယ်ရောက် ပင်လယ်ဖျံအမ သေဆုံးကောင်ရေ မြင့်တက်လာတယ်လို့  ပြောပါတယ်။ စုံစမ်းချက်အရ Pelican Point ကမ်းခြေမှာ သေဆုံးပင်လယ်ဖျံအရေအတွက်က ဒီထက်ပိုများနိုင်တယ်လို့လည်း သူက ဆိုပါတယ်။  ငါးနဲ့ပင်လယ်ဖျံတို့ရဲ့ အဓိကပင်ရင်း အစားအစာဟာ Pelican Point ကနေ ပြောင်းရွှေ့သွား တာကြောင့် ငတ်မွတ်ပြီး ပင်လယ်ဖျံတွေ သေဆုံးတာဖြစ်ဖွယ်ရှိတယ်လို့ OCN က ပြီးခဲ့တဲ့ သီတင်းပတ်မှာ ထုတ်ပြန်ခဲ့ပါတယ်။  ဒါပေမဲ့ အလုံးစုံ လေ့လာမှု  မလုပ်ရသေးသရွေ့ အဆိပ်သင့်တာနဲ့ ရောဂါသင့်တာစတဲ့ တခြားအကြောင်းခြင်းရာတွေကိုလည်း  ချန်လှပ်ထားလို့မရဘူးလို့ OCN က ပြောပါတယ်။
2 years Ago
Up