သရေဖြင့် ကျေနပ်လိုက်ရသည့် မန်ယူ

August 23, 2015

သရေဖြင့် ကျေနပ်လိုက်ရသည့် မန်ယူ

သြဂုတ် ၂၃ ရက်က ကစားသွားတဲ့ အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံးပွဲစဉ် အများစုကတော့ သရေ ရလဒ်နဲ့ ပြီးဆုံးသွားပါတယ်။ မန်ချက်စတာ ယူနိုက်တက်နဲ့ နယူးကာဆယ်အသင်းကတော့ ဂိုးမရှိသရေနဲ့ ပြီးဆုံးသွားပါ တယ်။ ဒီပွဲမှာ မန်ယူတိုက်စစ်မှူး ရွန်နီ ဂိုးသွင်းယူခဲ့ပေမယ့်လည်း လူကျွံနေတာကြောင့်  ဒိုင်လူကြီးက ဂိုးအဖြစ်ခွင့်မပြုခဲ့ပါဘူး။ မန်ယူအသင်း ကစားပုံကောင်းခဲ့ပြီး နယူးကာဆယ်ဂိုးကို အကြိမ် ၂၀ လောက်အထိ ကန်သွင်းမှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ မာတာ၊ ရွန်နီ၊ ရှနိုက်ဒါလင်းနဲ့ နောက်ခံလူ လူးကပ်ရှောတို့လည်း ဂိုးသွင်းဖို့ အခွင့်အရေး ရခဲ့ပေမယ့် အဆုံးသတ် မကောင်းသလို နယူးကာဆယ် ဂိုးသမား ကာကွယ်သွားနိုင်ခဲ့ပါတယ်။ အသင်းကစားပုံနဲ့ပတ်သက်ပြီး ကျေနပ်ပေမယ့် ကံမကောင်းတဲ့အတွက် ရလဒ်ကတော့ ကျေနပ်စရာမရှိပါဘူးလို့ မန်ယူ နည်းပြ ဗန်ဂေါက ပြောပါတယ်။ နယူးကာဆယ် နည်းပြ စတိဗ် မက္ကလာရင်ကတော့ ပွဲချိန် မိနစ် ၂၀ အထိ မန်ယူကကြီးစိုးထားပေမယ့် နောက်ပိုင်းမှာ ယုံကြည်မှု ပြန်ရပြီး ဂိုးရသင့်တယ်လို့ ပြောပါတယ်။ တခြားပွဲစဉ်တွေမှာတော့ လက်စတာနဲ့ တော့တင်ဟမ်၊ စတုတ်နဲ့ နောဝှစ်၊ ဆန်းဒါးလန်းနဲ့ ဆွမ်ဆီးတို့ကတော့ ၁ ဂိုးစီသရေကျခဲ့ပါတယ်။ ခရစ္စတယ်လ်ပဲလေ့စ်ကတော့ အက်စ်တွန်ဗီလာကို ၂ ဂိုး ၁ ဂိုး၊ ဘုန်းမောက်က ၀က်စ်ဟမ်းကို ၄ ဂိုး ၃ ဂိုးနဲ့ အသီးသီး အနိုင်ရသွားပါတယ်။
6 years Ago
Up