သင်္ဘော

July 6, 2019

လက်တုံ့ပြန်သည့်အနေဖြင့် ဗြိတိန်သင်္ဘောကို ဖမ်းဆီးမည်ဟု အီရန်တပ်မှူးပြော

အီရန်ရေနံတင်သဘောင်္ ဖမ်းဆီးခံရတာကို လက်တုံ့ပြန်ပြီး ဗြိတိန်သင်္ဘောကို ဖမ်းဆီးသွားမယ်လို့ အီရန်တော်လှန်ရေး အစောင့်တပ်မှူးက ဇူလိုင်လ ၅ ရက်မှာ ခြိမ်းခြောက်လိုက်ပါတယ်။ အီရန်တော်လှန်ရေး အစောင့်တပ်မှူး မိုဇန်ရက်ဇာက “အီရန် ရေနံတင်သင်္ဘောကို မလွှတ်ပေးရင် ဗြိတိန်ရေနံတင်သင်္ဘောကို ဖမ်းဆီးရမှာက အာဏာပိုင်တွေရဲ့ တာဝန်ဖြစ်တယ်” လို့ တွစ်တာမှာ ရေးခဲ့ပါတယ်။ ဆီးရီးယားနိုင်ငံဆီ ဦးတည်ခုတ်မောင်းလာတဲ့ ရေနံတင်သင်္ဘောတစီးကို ဗြိတိန်တော်ဝင် မရိမ်းတပ်ဖွဲ့က ဇူလိုင် ၄ ရက်နေ့မှာ ဖမ်းဆီးလိုက်ခဲ့တာပါ။ အဲဒီသင်္ဘောဟာ အီးယူဒဏ်ခတ်မှုတွေကို ချိုးဖောက်ပြီး ဆီးရီးယားနိုင်ငံကို  ရေနံပို့ဆောင်နေတယ်လို့ အာဏာပိုင်တွေက စွပ်စွဲလိုက်တဲ့အတွက် ဒီဖြစ်ရပ်ဟာ အနောက်နိုင်ငံတွေနဲ့ အီရန်အကြား ထိပ်တိုက်တွေ့မှုကို အရှိန်မြင့်စေခဲပါတယ်။ ဂျီဘရော်တာအစိုးရကတော့ အီရန်ရေနံတင်သဘောင်္ Grace 1 သွားရောက်မယ့် နေရာကို အတည်ပြုလိုတဲ့အတွက် သင်္ဘောပေါ်က အမှုထမ်းတွေကို တရားခံတွေ လိုမဟုတ်ဘဲ သက်သေတွေလို မေးမြန်းခဲ့တာလို့ ပြောပါတယ်။ အီရန်ဟာ အီးယူအရေးယူဒဏ်ခတ်မှုတွေကို  ချိုးဖောက်ပြီး ဆီးရီးယားကို ရေနံပို့ဆောင်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ဗြိတိန်တော်ဝင် မရိန်းတပ်သားတွေက ဂျီဘရော်တာကမ်းလွန်မှာ အီရန်ရေနံတင်သင်္ဘောပေါ် တက်ခဲ့ပါတယ်။ တော်ဝင် မရိန်းတပ်သားတွေဟာ ခုတ်မောင်းနေတဲ့ ရေနံတင်သင်္ဘောပေါ်ကို ရဟတ်ယာဉ်နဲ့ ညအချိန် ဆင်းခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
2 years Ago

April 22, 2019

အိန္ဒိယ၊ သြစတြေးလျနှင့် တောင်ကိုရီးယား စစ်သင်္ဘောများ တရုတ်ဆိပ်ကမ်းသို့ ဆိုက်ရောက်

အိန္ဒိယ၊ သြစတြေးလျနဲ့ တောင်ကိုရီးယားအပြင် တခြားနိုင်ငံတွေက စစ်သင်္ဘောတွေဟာ တရုတ်နိုင်ငံ အရှေ့ဘက်က ချင်းဒေါင် ဆိပ်ကမ်းမြို့ကို ဧပြီ ၂၁ ရက်က ဆိုက်ရောက်လာပါတယ်။ အဲဒီစစ်သင်္ဘောတွေဟာ တရုတ်နိုင်ငံမှာ ကျင်းပမယ့် ရေတပ် စစ်ရေးပြအခမ်းအနားကို တက်ရောက်ဖို့ ချစ်ကြည်ရေးခရီးစဉ်နဲ့ ရောက်လာခဲ့တာပါ။ အိန္ဒိယနိုင်ငံက ပဲ့ထိန်းဒုံးကျည်သုံး ဖျက်သင်္ဘော "INS Kolkata" နဲ့ သူ့ရဲ့ အကူသင်္ဘော တစီးကို စေလွှတ်ခဲ့ပြီး သြစတြေးလျနိုင်ငံက ပဲ့ထိန်းဒုံးကျည်းသုံး တိုက်သင်္ဘော "HMAS Melbourne" ကို စေလွှတ်ခဲ့ပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံကလည်း ဖျက်သင်္ဘော JS Suzutsuki (DD 117) ကို တရုတ်နိုင်ငံ ချင်းဒေါင်မြို့ဆီကို စေလွှတ်ခဲ့ပါတယ်။ ဒါဟာ ၂၀၁၁ ကတည်းက တရုတ်နိုင်ငံကို ဂျပန်ရေတပ်က သင်္ဘောတစီး ပထမဆုံး ဆိုက်ရောက်လာခြင်းအဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့ ဂျပန်မီဒီယာတွေက ဖော်ပြပါတယ်။ တရုတ်ရဲ့ အနီးကပ်ဆုံး မဟာမိတ် ရုရှားအပြင် တောင်တရုတ်ပင်လယ်ပြင် နယ်နိမိတ်နဲ့ ပတ်သက်လို့ တရုတ်နဲ့ အငြင်းပွားခဲ့တဲ့ ဗီယက်နမ်၊ မလေးရှားနဲ့ ဖိလစ်ပိုင်တို့ကလည်း စစ်သင်္ဘောတွေ စေလွှတ်ပေးခဲ့ပါတယ်။ ဧပြီ ၂၃ ရက်နေ့ဟာ တရုတ်နိုင်ငံရဲ့ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ရေတပ်တည်ထောင်တဲ့ နှစ် ၇၀ ပြည့် ဖြစ်ပါတယ်။ အဲဒီနေ့မှာ ချင်းဒေါင်မြို့ ကမ်းလွန်ပင်လယ်ပြင်မှာ တရုတ်အစိုးရဟာ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောတွေ ဖျက်သင်္ဘောတွေ အပါအဝင် စစ်သင်္ဘောအသစ်တွေကို ထုတ်ဖော်ပြသသွားမှာ ဖြစ်ပါတယ်။
2 years Ago
More News
Up