သဘောတူညီချက်

May 17, 2018

အီရန် နျူကလီးယား သဘောတူညီချက် ဆက်ထိန်းသိမ်းမည်ဟု ပြင်သစ်နှင့် တရုတ်ပြော

အီရန်နဲ့ ရရှိထားတဲ့ နျူကလီးယား သဘောတူညီချက်ကို ဆက်လက်ထိန်းသိမ်းသွားမယ့်အပြင် လွတ်လပ်သော ကုန်သွယ်မှုကိုလည်း ကာကွယ်သွားမယ်လို့ ပြင်သစ်နဲ့တရုတ် နိုင်ငံခြားရေးဝန်ကြီးတွေက ပဲရစ်မြို့မှာ ပြုလုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ “အီရန် နျူကလီးယားအစီအစဉ်နဲ့ပတ်သက်ပြီး ကမ္ဘာလုံးဆိုင်ရာ လုပ်ဆောင်ဖွယ်တွေကို ဆက်ပြီး ထိန်းသိမ်းသွားဖို့ ကျနော်တို့ ဆန္ဒရှိတယ်ဆိုတာကို ကျနော်တို့ ၂ ဦးလုံး သဘောတူထားပါတယ်။ တရုတ်နဲ့ပြင်သစ်ဟာ ဗီယင်နာသဘောတူညီချက်မှာ ပါသူတွေ ဖြစ်တယ်။ အီရန်ဘက်က လိုက်နာဖွယ်တွေကို ဆက်ပြီး လိုက်နာနေသရွေ့ ဆက်ပြီးထိန်းသိမ်းပါမယ်။ ဒါကပဲ အရေးပါတာပါ။ ဒါကို လေးစားတာကလည်း အီရန်ရဲ့ အကောင်းဆုံး အကျိုးစီးပွားဖြစ်တယ်လို့ ကျနော်တို့ထင်ပါတယ်။ အီရန်သဘောတူညီချက် ရလဒ်ကပဲ အရေးပါတယ်လို့ ကျနော်တို့ထင်တယ်” လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ယောင်းဗိရေဒဟိယွန် က ပြောပါတယ်။ တရုတ်နဲ့ပြင်သစ်တို့ဟာ လုံခြုံရေးကောင်စီရဲ့အမြဲတမ်းအဖွဲ့ဝင်တွေဖြစ်သလို နိုင်ငံတကာ အဆင့်မှာ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေလည်းဖြစ်လို့ မဟာဗျူဟာမြောက် ပူးပေါင်းဖို့ လိုအပ်တဲ့အကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ၀မ်ယီက အဓိက ထားပြောပါတယ်။ ဒါ့ပြင် လွတ်လပ်သောကုန်သွယ်မှု ကိစ္စရပ်နဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဝမ်ယီက “တဖက်သတ်လုပ်ဆောင်မှုနဲ့ ကုန်သွယ်စီးပွားကဏ္ဍမှာ ကိုယ်ကျိုးစီးပွားကြည့်တာဟာ လက်ရှိသွားနေတဲ့ သမိုင်းလမ်းကြောင်းကို ဆန့်ကျင်တယ်လို့ ကျနော်တို့ သဘောတူကြပါတယ်။ တရုတ်နဲ့ ပြင်သစ်ဟာ ဘက်ပေါင်းစုံပါဝင်မှုကို အတူတကွ တိုးမြှင့်ပြီး ကမ္ဘာ့ကုန်သွယ်အဖွဲ့ လုပ်ထုံးလုပ်နည်းတွေကို အခြေခံတဲ့ နိုင်ငံတကာလွတ်လပ်သော ကုန်သွယ်မှုကို ထိန်းသိမ်း သွားမယ်” လို့ ပြောကြားသွားပါတယ်။
3 years Ago
Up