သေပျောက်နှုန်း

December 1, 2019

ဝမ်းပျက်ဝမ်းလျှောကြောင့် သေပျောက်နှုန်းလျှော့ချနိုင်ရန် ကလေးများကို ကာကွယ်ဆေးတိုက်မည်

ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်တာကြောင့် ကလေး သေပျောက်နှုန်းတွေကို လျှော့ချနိုင်ဖို့ ၂၀၂၀ ပြည့်နှစ်စမှာ ၆ လ အောက်ကလေးတွေကို ကာကွယ်ဆေးတိုက်သွားဖို့ ရှိပါတယ်။  ဝမ်းပျက်ဝမ်းလျှောရောဂါဟာ လူကြီးလူငယ်မရွေး ဖြစ်ပွားတတ်ပြီး ကလေးငယ်တွေမှာ ဖြစ်ရင် ပိုပြီးရောဂါပြင်းထန်နိုင်ပါတယ်။ ဒါကြောင့် ၅ နှစ်အောက်ကလေးတွေ သေဆုံးရတဲ့ရောဂါတွေထဲမှာ ဝမ်းပျက်ဝမ်းလျှော ရောဂါလည်း ပါဝင်နေတဲ့အတွက် သေဆုံးတာတွ လျှော့ချနိုင်ဖို့ ၂၀၂၀ ဇန်နဝါရီ ၁ ရက်ကစလို့  ကာကွယ်ဆေးထိုး ဆေးတိုက်လုပ်ငန်းတွေမှာ အခမဲ့ထည့်သွင်းမယ်လို့ အမျိုးသားအဆင့် ကာကွယ်ဆေးဆိုင်ရာ နည်းပညာအကြံပေးကော်မတီဒု ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစောဝင်းက ပြောပါတယ်။ “လာမယ့် ၂၀၂၀ အစမှာ ဇန်နဝါရီလမှာ ဝမ်းပျက်ဝမ်းလျှော ကာကွယ်ဆေး သောက်ဆေး ပေးပါမယ်။ အဲဒီကာကွယ်ဆေးက ပုဂ္ဂလိကမှာ ရတာ ဆယ်နှစ်လောက် ရှိပါပြီ။ တခါတိုက်ရင် နှစ်သောင်း၊ သုံးသောင်းလောက် ကျတယ်။ သုံးခါတိုက်ရင် ခြောက်သောင်းလောက် ကျတယ်။ ဒီကာကွယ်ဆေးကို ကျနော်တို့က အခမဲ့ တိုက်ပေးမှာပါ။ ဆောင်းတွင်းမှာဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါဟာ ၆၀ ရာခိုင်နှုန်းဟာ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တယ်။ အဲဒါကြောင့် သေပျောက်မှု ရှိတယ်။ ခုနောက်ပိုင်း ကုသမှုတွေ ကောင်းလာတော့ သေပျောက်မှုက အများကြီး မရှိတော့ဘူး။” ဒီရောဂါဟာ အစာမသန့်တာနဲ့ ရေမသန့်တာ စတဲ့ သန့်ရှင်းမှု မရှိတဲ့ အစားအသောက်တွေ ပါးစပ်ကတဆင့် ခန္ဓာကိုယ်ထဲ ဝင်ရောက်တာကြောင့် ဖြစ်ပွားနိုင်တယ်လို့ ဆိုပါတယ်။ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာသန်းစိန်က “အစားအသောက် မသန့်ရှင်းလို့၊ ရေ မသန့်ရှင်းလို့ ဖြစ်တာ များပါတယ်။ တဖက်က တကိုယ်ရေ သန့်ရှင်းရေးကိုလည်း ဂရုစိုက်ပေးဖို့ လိုပါတယ်” လို့ ပြောပါတယ်။ ဝမ်းပျက်ဝမ်းလျှော ရောဂါကာကွယ်ဆေးကို အသက် ၆ လအောက်ကလေးတွေမှာ တိုက်ရတာဖြစ်လို့ ၂ လ၊ ၄ လ နဲ့ ၆ လ ကလေးတွေကို ပုံမှန် ၅ မျိုးစပ် ကာကွယ်ဆေးထိုး အစီအစဉ်မှာ တပါတည်း ဆေးတိုက်ပေးသွားမှာ ဖြစ်ပါတယ်။ အဲဒီကာကွယ်ဆေးကို တိုက်ပေးလိုက်ရင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်တာတွေရဲ့ ၃ ပုံ ၂ ပုံလောက်ထိ လျော့ကျသွားနိုင်တယ်လို့ သိရပါတယ်။ မေစု
2 years Ago
Up