သေနတ်မျိုးစုံဖမ်းမိ

May 27, 2021

မယ်ဆိုင်တွင် မြန်မာဘက်ပို့မည့် သေနတ်မျိုးစုံ ၂၇ လက်နှင့် ကျည်ဆန် ၅၀၀၀၀ ခန့် ဖမ်းဆီးရမိ

ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့ထဲမှာ မြန်မာဘက်ကို ပို့ဆောင်မယ့် လက်နက်တွေနဲ့ ကျည်ဆန်တွေဖမ်းဆီးရမိတယ်လို့ မယ်ဆိုင်ခရိုင်မှူး၊ မြို့နယ်အုပ်ချုပ်ရေးဌာန၊ အကောက်ခွန်ဌာန၊ နယ်ခြားစောင့်တပ်နဲ့ လဝကရဲတွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ဒီကနေ့ မေလ ၂၇ ရက် ညနေပိုင်းမှာ သတင်းစာရှင်းလင်းပြောပါတယ်။  

ဒီကနေ့ ညနေပိုင်းက နယ်စပ်ဂိတ်အကောက်ခွန်ဌာနတာဝန်ရှိသူတွေဟာ ဟိုင်းလပ်ကား တစ်စီးပေါ်ကအထုတ်တွေကို နယ်စပ်ဖြတ်ခွင့်ရ မှန်လုံကားတစ်စီးပေါ်သို့ ရွေ့ပြောင်းနေတဲ့ မသင်္ကာဘွယ် အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၁ ဦးတို့ကို ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။ 

စစ်ဆေးချက်အရ အဆိုပါအထုတ်တွေထဲမှာ ပွိုင့် ၂၂ အမျိုးအစား ပြောင်းရှည်သေနတ် ၁၄ လက်၊ ပစ္စတိုသေနတ် ၁၃ လက်နဲ့ အရွယ်အစား တံဆိပ်အမျိုးမျိုးပါ ကျည်ဆံပေါင်း ၄၆၃၇၅ ထောင့်ကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။ 

အထုတ်တွေကို ရွှေ့ပြောင်းသယ်ဆောင်နေသူ ၂ ဦးဟာ ထိုင်းတောင်ပေါ်သား မှတ်ပုံတင်ကိုင်ဆောင်သူ နန်းစမ်နမ်ဝုန်း( ၃၃ နှစ် ) နဲ့ ကျော်ဖြိုးဆိုသူ မြန်မာအမျိုးသား ၁ ဦးတို့ဖြစ်ကြောင်း၊  သူတို့တွေဟာ အဆိုပါအထုတ်တွေကို မယ်ဆိုင်မြို့ ပါမိုတ်ရပ်ကွက်ရှိ ကုန်တိုက်ကြီးတစ်ခုအနောက်ဘက်က သယ်ဆောင်လာတာဖြစ်ပြီး  မြန်မာဘက်ကို ပို့ဆောင်ပေးဖို့အတွက်  လူတစ်ယောက်က ဘတ် ၂၀၀၀၀ နဲ့ စေခိုင်းခဲ့တာလို့ ဝန်ခံသွားပါတယ်။ 

တာဝန်ရှိသူတွေက အဆိုပါလက်နက်တေ လာရာလမ်းကြောင်း၊ ပို့ဆောင်မယ့်လမ်းကြောင်း ကွင်းဆက်တွေကို ရှာဖွေဖော်ထုတ်ပြီး တရားမဝင်လက်နက်ရောင်းဝယ်သယ်ဆောင်မှုတွေနဲ့ အရေးယူသွားမယ်လို့  တာဝန်ရှိသူတွေက ပြောပါတယ်။ 

Source: maesaipress

6 months Ago
Up