သေနတ်ဖြင့်ပစ်ခဲ့သူ

February 19, 2020

နိုဘယ်ဆုရှင် မာလာလာကို သေနတ်နှင့်ပစ်ခဲ့သူ တာလီဘန်ခေါင်းဆောင် ထောင်မှ လွတ်မြောက်

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မာလာလာကို သေနတ်နဲ့ပစ်ခဲ့တဲ့ တာလီဘန် ခေါင်းဆောင် အက်ဆန်နူလာအက်ဆန်ဟာ အကျဉ်းထောင်ကနေ လွတ်မြောက်သွားပြီလို့ ပါကစ္စတန် ပြည်ထဲရေးဝန်ကြီးက အတည်ပြုပါတယ်။ တာလီဘန် ပြောခွင့်ရပုဂ္ဂိုလ်ဟောင်း အက်ဆန်က သူ လွတ်မြောက်သွားတာကို တွစ်တာမှာ ရေးသားခဲ့ပြီး ဒီလအစောပိုင်းမှာပဲ အသံ မက်ဆေ့ဂျ်ကို ပါကစ္စတန် မီဒီယာဆီ ပေးပို့ခဲ့တာပါ။ အက်ဆန်ကို ၃ နှစ်ကြာ ထိန်းသိမ်းထားတဲ့ ပါကစ္စတန် စစ်တပ်က မှတ်ချက်ပေးဖို့ ငြင်းဆန်ပေမယ့် ပြည်ထဲရေးဝန်ကြီး အီဂျက်ရှားက အဲဒီသတင်း မှန်ကန်တယ်လို့ ပြောပါတယ်။  တာလီဘန်ခေါင်းဆောင် အက်ဆန်ကို ပြန်ဖမ်းရာမှာ တိုးတက်မှုရှိလားဆိုတဲ့ မေးခွန်းကို ပြည်ထဲရေးဝန်ကြီးက သတင်းကောင်းကြားရမှာပါလို့ ပြန်ဖြေခဲ့ပါတယ်။  လွတ်မြောက်သွားသူ အက်ဆန်က သူဟာ ဇနီး၊ သားသမီးတွေနဲ့အတူ ပါကစ္စတန်ကနေ ထွက်သွားပြီး တူရကီနိုင်ငံကို ရောက်နေတယ်လို့ ရိုက်တာသတင်းထောက်ကို ဖုန်းနဲ့ ပြောပါတယ်။ အက်ဆန်က သူဟာ သဘောတူညီချက်နဲ့ ပါကစ္စတန် စစ်တပ်ကို လက်နက်ချခဲ့ပြီး အဲဒီသဘောတူညီချက်ကို ပါကစ္စတန်စစ်တပ် မလိုက်နာတဲ့နောက်မှာ သူဟာ ထွက်ပြေးခဲ့တယ်လို့ ပြောခဲ့ပါတယ်။  အာဖဂန်-ပါကစ္စတန် နယ်စပ်တလျှောက် တရားဥပဒေစိုးမိုးမှုမရှိတဲ့  ဒေသတွေမှာ ပါကစ္စတန်စစ်တပ် စစ်ဆင်ရေးတွေ လုပ်ပြီးနောက်ပိုင်း မကြာသေးခင်လတွေမှာ တာလီဘန် တိုက်ခိုက်တာတွေ လျော့ကျလာတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
1 year Ago
Up