သေနတ်ပစ်ခံရ

January 17, 2022

မုံရွာမြို့ ကန်သာယာဈေးအတွင်း ဈေးသည်အမျိုးသမီး ၁ ဦး ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်းက ဈေးရောင်းနေတဲ့ အမျိုးသမီးတယောက် ဇန်နဝါရီ ၁၇ ရက် ဒီမနက် ၅ နာရီဝန်းကျင်လောက်က သေနတ်နဲ့ ပစ်သတ်ခံရပြီး ဈေးအတွင်းက‌ ဈေးသည်တွေ ထွက်ပြေးခဲ့ရတယ်လို့  ဈေးသည်တွေဆီက သိရပါတယ်။

“ကျမတို့ ဈေးခင်းနေတဲ့ အချိန်လေးမှာ သေနတ်နဲ့ ပစ်ခတ်တဲ့အသံ ကြားလိုက်တယ်။ နောက်တော့ ကားလမ်းအနောက်ဘက်က ဈေးရောင်းနေတဲ့ ဈေးသည်တစ်ဦးကို ပစ်တာမှန်း သိလိုက်ရတယ်။ ဘာကြောင့် ပစ်ခတ်တယ်၊ ဘယ်အဖွဲ့က ပစ်ခတ်တယ်ဆိုတာကိုတော့ မသိရဘူးရှင့်။ ကျမတို့တောင် ဒီလို ပစ်ခတ်သတ်ဖြတ်လို့ ဈေးအတွင်း စစ်ကောင်စီကလာပြီး ဖမ်းဆီး စစ်ဆေးခံရမှာ ကြောက်လို့ တဈေးလုံး အကုန်ထွက်ပြေးနေရတယ်” လို့ ကန်သာယာဈေးသည်တစ်ဦးက ပြောပါတယ်။

အဆိုပါအမျိုးသမီးဟာ ‌ကန်သာယာဈေးမှာ လိမ္မော်သီးနဲ တခြားအသီးအနှံတွေ ရောင်ချနေသူဖြစ်ပြီး ဘာကြောင့် ပစ်ခတ်ခံရတယ်၊ ဘယ်အဖွဲ့က ပစ်ခတ်ခဲ့တယ်ဆိုတာတော့ မသိရသေးပါဘူး။

မုံရွာမြို့နယ်မှာ စစ်ကောင်စီတပ်တွေက အန်အယ်လ်ဒီပါတီကို အမာခံထောက်ခံသူနဲ့ လွှတ်တော် အမတ်တွေကို ရှာဖွေဖမ်းဆီးတာနဲ့ နေအိမ်တွေကိုချိပ်ပိတ်တာတွေ လုပ်ဆောင်နေပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေကလည်း  စစ်တပ် သတင်းပေးတွေကို စုံစမ်းဖော်ထုတ်ပြီး ရှင်းလင်းတာတွေလည်းရှိနေတယ်လို့ ဒေသခံတွေရဲ့ပြောဆိုချက်အရ သိရပါတယ်။

1 day Ago

January 8, 2022

မောင်တောမြောက်ပိုင်းတွင် ခုံတိုင်ကျေးရွာသား ၁ ဦး သေနတ်ပစ်ခံရပြီး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ခုံတိုင်ကျေးရွာကနေ  တောထဲ ဝါးသွားခုတ်တဲ့ “မြို"အမျိုးသားတယောက် ဇန်နဝါရီ ၇ ရက် မနက်က သေနတ်နဲ့ ပစ်ခတ်ခံရလို့  ခြေထောက်ဒဏ်ရာရရှိကာ မောင်တောဆေးရုံမှာ ဆေးကုသမှု ခံယူနေရ ပါတယ်။

ခုံတိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်လှက “ကျနော်တို့ ခုံတိုင်ကျေးရွာသား ၂၀ ကျော်ဝါးသွားခုတ်ကြတဲ့အခါ ARSA အဖွဲ့နဲ့တွေ့ပြီး ထွက်ပြေးကြရာမှာ သေနတ်နဲ့လှမ်းပစ်လို့ ရွာသား တစ်ယောက် ခြေထောက်မှာ ကျည်ထိမှန်ခဲ့ပါတယ်” လို့ ပြောပါတယ်။

ဘယ်ဘက်ခြေထောက် ဒူးခေါင်းသေနတ်ကျည်ထိမှန်ခဲ့သူကတော့ ခုံတိုင်ကျေးရွာမှ အသက် ၃၅ နှစ်အရွယ်  ဦးထွန်းလောက်ဖြစ်ပြီး  သေနတ်နဲ့ ပစ်ခတ်သူတွေဟာ  ARSA အဖွဲ့က ဖြစ်တယ်လို့ အုပ်ချုပ်ရေးမှူးနဲ့ ဒေသခံရွာသားတွေက  ပြောနေပေမဲ့  သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။ 

ခုံတိုင်ကျေးရွာသား ၂၃ ယောက်ဟာ မောင်တောမြို့နယ်မြောက်ပိုင်း လဘော်ချောင်းအထက်ပိုင်းမှာ ဝါးခုတ်ပြီးနောက် ဝါးတွေကို ဖောင်ဖွဲ့နေကြစဥ် အင်အား ၂၀ ကျော်တဲ့ ARSA လက်နက်ကိုင်တွေနဲ့ တွေ့ရှိထွက်ပြေးကြရာ သေနတ်နဲ့ လိုက်လံပစ်ခတ်ခံခဲ့ရတာလို့ ဒဏ်ရာရရှိသူ ဦးထွန်းလောက်က  ပြောပါတယ်။

"ကျနော်တို့ဝါးခုတ်ပြီး ဖောင်ဖွဲ့နေကြတဲ့အချိန်မှာ ARSA  ၂၀ ကျော်လောက်ရှိတဲ့ အဖွဲ့နဲ့ တွေ့တာပါ။ ယူနီဖောင်းတွေဝတ်ထားပြီး သေနတ်တွေကိုင်ထားကြပါတယ်။ ကျနော်တို့ ထွက်ပြေးကြရာမှာ သေနတ်နဲ့ခြောက်ချက်လောက်လှမ်းပစ်တယ်။ ကျနော့် ခြေထောက်မှာ တစ်ချက်ထိတာပါ။"

သေနတ်ဒဏ်ရာနဲ့ မပြေးနိုင်လို့ တောထဲမှာ ပုန်းနေပြီး ရွာသားတွေကိုဖုန်းဆက် အကြောင်းကြားပြီး အကူအညီတောင်းလို့ သူတို့လိုက်လာပြီး ဆေးရုံကို ထမ်းစင်နဲ့သယ်ယူလာခဲ့တာလို့ ဦးထွန်းလောက်က ပြောပါတယ်။ 

လက်ရှိ ဘယ်ခြေထောက်ကျည်ဆန်ထိမှန်ဒဏ်ရာကို ကုသဖို့ မောင်တောခရိုင်ပြည်သူ့ဆေးရုံမှာ ဓာတ်မှန် ရိုက်ထားပြီး အရိုးထိမှန်ခြင်းရှိ၊ မရှိ အဖြေမသိရသေးဘူးလို့ သိရပါတယ်။

1 week Ago
More News
Up