သေဒဏ်ပေး

June 23, 2022

သေဒဏ်ပေးနိုင်သဖြင့် ထိုင်းနိုင်ငံသားများ အင်ဒိုနီးရှားသို့ ဆေးခြောက်သယ်မသွားရန်သတိပေး

ထိုင်းနိုင်ငံသားတွေအနေနဲ့ အင်ဒိုနီးရှားနိုင်ငံကို ဝင်ရောက်မယ်ဆိုရင်တော့ ဆေးခြောက်နဲ့ ဆေးခြောက်အနွယ်ဝင် စက်မှုလျှော်ပင် Hemp ကို သယ်ဆောင်မသွားဖို့နဲ့ အဲဒီလိုသယ်ဆောင်သွားမိခဲ့ရင် သေဒဏ်အထိ ချမှတ်ခံရနိုင်တယ်လို့ ဂျကာတာအခြေစိုက် ထိုင်းသံရုံးက သတိပေးထားပါ တယ်။

ထိုင်းနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ဇွန် ၉ ရက်ကပဲ ဆေးခြောက်ကို မူးယစ်ဆေးဝါးစာရင်းကနေ ပယ်ဖျက်ပြီး ဘယ်သူမဆို တရားဝင် စိုက်ပျိုး သုံးစွဲ၊ ရောင်းချနိုင်ဖို့ ခွင့်ပြုထားခဲ့တာ ဖြစ်ကာ ဆေးခြောက်နဲ့ ဆေးခြောက်ထုတ်ကုန်ပစ္စည်းတွေကို ထိုင်းပြည်သူတွေ တရားဝင်ရောင်းချ ဝယ်ယူ သုံးစွဲမှုတွေ မြင့်တက်နေခဲ့တာပါ။

ဒါပေမဲ့ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ ထိုင်းသံရုံးကတော့ သူ့နိုင်ငံသားတွေကို ဆေးခြောက်နဲ့ ဆေးခြောက်ထုတ်ကုန်တွေကို သယ်ဆောင်လာခြင်းမပြုဖို့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်က သတိပေးထားခဲ့ကာ ဒါကို ဖောက်ဖျက်မယ်ဆိုရင်တော့ ဒဏ်ကြေးငွေ အနည်းဆုံး အင်ဒိုနီးရှား ရူပီး ၁ ဘီလီယံ (ထိုင်းဘတ် ၂ ဒသမ ၃ သန်း) ထိ ချမှတ်နိုင်ပြီး ထောင်ဒဏ်၅ နှစ်ကနေ တသက်တကျွန်း၊ ဒါမှမဟုတ် သေဒဏ်ထိ ချမှတ်နိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အင်ဒိုနီးရှားကို လာမယ့် ထိုင်းနိုင်ငံသားတွေအနေနဲ့ တခြားသူတွေဆီက လက်ခံပြီးတော့လည်း ဒါတွေကို ယူဆောင်လာတာတွေကို ရှောင်ကြဖို့လည်း သတိပေးထားပါတယ်။

ထိုင်းနိုင်ငံမှာ ဆေးခြောက်ကို တရားဝင် စိုက်ပျိုးသုံးစွဲ၊ ရောင်းချနိုင်ဖို့ ခွင့်ပြုလိုက်ပေမဲ့ အာဏာပိုင်တွေဟာ ဆေးခြောက်ထုတ်ကုန်တွေနဲ့ ပတ်သက်ပြီး  ကန့်သတ်မှုတွေလုပ်ပြီး သုံးစွဲမှု ကြီးထွားနိုင်ခြေကို ဖြတ်ချနိုင်ဖို့  ရည်မှန်းထားပါတယ်။ 

ဆေးခြောက်ထဲက တက်ထရာ-ဟိုက်ဒရို- ကန်နာဘီနောလ်ဆိုတဲ့ စိတ်ကြွစေတဲ့ ဂုဏ်သတ္တိရှိတဲ့ ဓာတုပစ္စည်းကို လက်ဝယ်ထားရှိခြင်းနဲ့ ရောင်းချခြင်းတို့ကို ခွင့်မပြုထားပါဘူး။  ဥပဒေကို ဖောက်ဖျက်ရင် ထောင်ဒဏ်နဲ့ ငွေဒဏ်တွေ ချမှတ်နိုင်ပါတယ်။ 

ထိုင်းနိုင်ငံဟာ ဆေးခြောက် စိုက်ပျိုးရေးနဲ့ သုံးစွဲမှုတို့ကို ရာဇဝတ်မှုအဖြစ်ကနေ ပယ်ဖျက် ပေးလိုက်တဲ့ ပထမဆုံး အာရှနိုင်ငံ ဖြစ်လာပါတယ်။

ဆေးခြောက်ဆိုင်ရာ ဥပဒေမူကြမ်းနဲ့ ပတ်သက်လို့ လောလောဆယ်ဝန်ကြီးများ အစည်းအဝေးမှာ ဆွေးနွေးနေဆဲမို့ ထုတ်ပြန်နိုင်ခြင်းမရှိပေမဲ့ တည်ဆဲဥပဒေနဲ့  ငြိစွန်းဖွယ်အချက်တွေ သတိထားရဦးမယ်လို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့က ပြောထားပြီး ဆေးခြောက်ကနေ ထုတ်လုပ်ထားတဲ့ အရာ တွေဟာ အာနိသင် THC 0.2 ရာခိုင်နှုန်းထက်ပမာဏပိုများတယ်ဆိုရင်တော့ မူးယစ်ဆေးဝါးထဲအကျုံးဝင်နေဆဲမို့ ပြစ်ဒဏ်ကျနိုင်တယ်လို့ ဆိုပါတယ်။

8 months Ago

December 16, 2020

တွစ်တာကနေ ဆက်သွယ်ပြီး လူ ၉ ဦး သတ်ခဲ့သည့် တရားခံကို တိုကျိုတရားရုံးက သေဒဏ်ပေး

၂၀၁၇ ခုနှစ်တုန်းက ဂျပန်နိုင်ငံမှာ တွစ်တာကတဆင့် ဆက်သွယ်ပြီး လူ ၉ ယောက်ကို သတ်ဖြတ်ခဲ့တဲ့ တရားခံကို တိုကျိုတရားရုံးက ဒီဇင်ဘာ ၁၅ ရက်မှာ သေဒဏ်ချမှတ်လိုက်ပါတယ်။  လူသတ်မှု၊  လူသေအလောင်း ၉ ခုကို အပိုင်းပိုင်းခုတ်ပြီး တိုကျိုဆင်ခြေဖုံးက သူ့ရဲ့ တိုက်ခန်းထဲမှာ ဝှက်ထားမှုတို့အတွက် အသက် ၃၀ အရွယ် တာကာရှီရိုရှီရာအီရှီဟာ  အပြစ်ရှိတယ်လို့  အစီရင်ခံစာက ဆိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံလိုတယ်လို့ ပြောကြားခဲ့သူတွေကို ရှီရာအီရှီက တွစ်တာကနေ ဆက်သွယ်ပြီး သူတို့ကို ကူညီပေးမယ်လို့ ပြောဆိုခဲ့တယ်လို့ ဂျီဂျီ သတင်းအေဂျင်စီက ပြောပါတယ်။ ဒါကြောင့် ရှီရာအီရှီကို ‘Twitter killer’ ဆိုပြီးလည်း လူသိများပါတယ်။ သူ့ရဲ့ ရှေ့နေကတော့ ရှီရာအီရှီဟာ သေဆုံးခဲ့သူတွေရဲ့ ခွ့င်ပြုချက်နဲ့အညီ ပြုလုပ်ခဲ့တယ်ဆိုပြီး လျှောက်လဲခဲ့တယ်လို့ ကျိုဒိုသတင်းဌာနက ဖော်ပြပါတယ်။ ဒါပေမဲ့လည်း တရားသူကြီး နာအိုခွန်နီယန်နိုက သေဆုံးသူတွေဟာ သူတို့ဆန္ဒနဲ့ အသတ်ခံရတာ မဟုတ်ဘဲ ရှီရာအီရှီဟာ စိတ်ကျန်းမာရေးကောင်းမွန်ပြီး လူသတ်မှုတွေအတွက် ပြစ်ဒဏ်ခံယူထိုက်တယ်လို့ ဆုံးဖြတ်ခဲ့တာပါ။ ဒီအမှုမှာ သေဒဏ်ပေးထိုက်တယ်လို့လည်း တိုကျိုမြို့သူမြို့သားတချို့က ရိုက်တာကို ပြောပါတယ်။  တရားခံ ရှီရာအီရှီကလည်း သေဒဏ်ချမှတ်ရင်တောင်မှ အယူခံမဝင်ဘူးဆိုပြီး ရုံးတင် မစစ်ဆေးမီက ပြောဆိုခဲ့တယ်လို့ ဂျပန်မီဒီယာတွေက ဖော်ပြပါတယ်။
2 years Ago
More News
Up