သေဒဏ်ချမှတ်ခံရ

September 29, 2020

မူကြိုကလေးငယ်များကို အဆိပ်ခတ်ခဲ့သည့် တရုတ်ဆရာမ ၁ ဦး သေဒဏ်ချမှတ်ခံရ

တရုတ်နိုင်ငံမှာ မူကြိုကလေးငယ် ၂၅ ယောက်ကို အဆိပ်ခတ်မှုနဲ့ ကျောင်းဆရာမတစ်ဦးကို တရားရုံးက  စက်တင်ဘာ ၂၈ ရက်မှာ သေဒဏ်ချမှတ်လိုက်ပါတယ်။ မနှစ်က ဟီနန်ပြည်နယ် ကျောင်းဇိုမြို့ရှိ မူကြိုကျောင်းတစ်ခုက ကလေးငယ်တွေဟာ မနက်စာ ဆန်ပြုတ်စားပြီး အန်တာနဲ့ မေ့လဲတာတွေ ဖြစ်ခဲ့တာကြောင့် ဆေးရုံအမြန် ပို့ခဲ့ရပါတယ်။   အဲဒီနောက် ကလေးငယ်တွေကို မူကြိုဆရာမက အဆိပ်ခတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ရှိခဲ့ပြီးနောက် ရဲက စုံစမ်းစစ်ဆေးပြီး ဆရာမ ဝမ်းယန်ကို  ဖမ်းဆီးခဲ့တာပါ။ မူကြိုဆရာမ ဝမ်းယန်ဟာ လုပ်ဖော်ကိုင်ဖက်ဆရာမနဲ့  စကားများပြီးနောက် လက်စားချေတဲ့ အနေနဲ့ အဲဒီဆရာမကလေးတွေရဲ့ မနက်စာထဲမှာ ဆိုဒီယမ်နိုက်ထရိတ်ကို ထည့်ခဲ့တယ်လို့ တရားရုံးက ပြောဆိုပါတယ်။ မနှစ်က မတ် ၂၇ မှာ ဖြစ်ခဲ့တဲ့ ဒီဖြစ်ရပ်ကြောင့် တရုတ်တနိုင်ငံလုံး တုန်လှုပ်ချောက်ချားခဲ့ပြီး ကမ္ဘာ့သတင်းခေါင်းစဉ်တွေမှာ ပါလာခဲ့ပါတယ်။ အဆိပ်ခတ်ခံရတဲ့ ကလေးငယ်တစ်ဦးဟာလည်း ၁၀ လကြာ ဆေးရုံတက်ခဲ့ရပြီးနောက်  ပြီးခဲ့တဲ့ဇန်နဝါရီလက ဆေးရုံမှာပဲ သေဆုံးခဲ့ပါတယ်။ စက်တင်ဘာ ၂၈ ရက်မှာတော့ တရားရုံးက ဆရာမဝမ်းယန်ဟာ ကလေးတွေ သောက်မယ့် ဆန်ပြုတ်ထဲ ဆိုဒီယမ်နိုက်ထရိတ် ထည့်ခဲ့တယ်လို့ ထုတ်ပြန်ပြီး သူ့ကို သေဒဏ်ချမှတ်လိုက်တာပါ။   ဒါ့အပြင် မစ္စဝမ်းယန်အနေနဲ့ မူကြိုကလေးငယ်တွေကို အဆိပ်ခတ်တာက ပထမဆုံး မဟုတ်ဘဲ အစောပိုင်းတုန်းက သူဟာ အွန်လိုင်းကနေ ဆိုဒီယမ်နိုက်ထရိတ် မှာယူပြီး ဒဏ်ရာရထားတဲ့ ခင်ပွန်းဖြစ်သူကို အဆိပ်ခတ်ဖူးတယ်လို့လည်း တရားရုံးက  ပြောပါတယ်။
9 months Ago

June 26, 2020

ရမ်းဗြဲမြို့နယ်တွင် အဓမ္မပြုကျင့်၊ ပစ္စည်းယူ လူသတ်ခဲ့သူ ၁ ဦး သေဒဏ်ချမှတ်ခံရ

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်မှာ မူလတန်းပြ ဆရာမ တစ်ဦးကို အဓမ္မပြုကျင့်ကာ ပစ္စည်းလုယူပြီး သတ်ပစ်ခဲ့တဲ့ တရားခံ ရွှေထူး(ခ) အေးချမ်းဆိုသူကို ကျောက်ဖြူခရိုင်တရားရုံးက ဇွန် ၂၅ ရက်မှာ သေဒဏ်အမိန့် ချမှတ်ခဲ့တယ်လို့ ကျောက်ဖြူခရိုင်ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။ မူလတန်းပြဆရာမတစ်ဦးဟာ ၂၀၁၈ ဒီဇင်ဘာ ၁၀ ရက်မနက်က နေအိမ်မှ ၁ မိုင်ကျော်လောက်ဝေးတဲ့ အတွင်းပြင်အုပ်စု တောင်ရွာကျေးရွာ (အ.မ.က)ကျောင်းကို ကျောင်းတက်ဖို့ လမ်းလျှောက်ပြီးသွားရာမှာ ကျောင်းကို ၁၂ နာရီအချိန်ထိ ရောက်မလာလို့ ကျောင်းအုပ်ဆရာမကြီးက မိဘတွေထံ ဖုန်းဆက်အကြောင်းကြားခဲ့ပါတယ်။ ဆရာမရဲ့ ဖခင်ဖြစ်သူက သမီးပျောက်ဆုံးနေတာကိုသိရှိခဲ့ပြီးနောက် လိုက်လံရှာဖွေရာမှာ သပြေကျွန်းကျေးရွာအနီး ကားလမ်းမဘေးရှိချောင်းဘေးကမ်းမှာ လည်ပင်းညိုမဲဒဏ်ရာ၊ မအင်္ဂါစပ်သွေးထွက်ဒဏ်ရာတို့ရရှိကာ သေဆုံးနေတာကိုတွေ့ရှိခဲ့တာပါ။ အဓမ္မပြုကျင့်ကာ ဖုန်းနဲ့နားကပ်တွေကိုလုယူပြီး သေဆုံးအောင် ရိုက်နှက်ခဲ့သူအား စုံစမ်းဖော်ထုတ်အရေးယူပေးဖို့ ဆရာမရဲ့ဖခင်ဖြစ်သူက ရမ်းဗြဲမြို့နယ် လေးတောင်ရဲစခန်းမှာ တရားလိုပြုလုပ်ကာတိုင်ကြားခဲ့တဲ့ အမှုဖြစ်ပါတယ်။ အဆိုပါအမှု ကျူးလွန်သူ ရွှေထူး(ခ) အေးချမ်းကို ကျူးလွန်ပြီး ၂၄ နာရီအတွင်း ကျောက်ဖြူခရိုင်ရဲတပ်ဖွဲ့မှူး ဦးစီးတဲ့အဖွဲ့က ယူသွားတဲ့ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပြီးနောက် လူသတ်မှု၊ မုဒိန်းမှု၊ လုယက်မှုတို့နဲ့ အမှုဖွင့်လှစ်ကာ ကျောက်ဖြူခရိုင်တရားရုံးမှာ ၂၀၁၉ ဇန်နဝါရီ ၁ရက်က စတင် စစ်ဆေးခဲ့ပါတယ်။ အမှုမှတရားလိုပြသက်သေ ၃၀ ဦးကိုစစ်ဆေးခဲ့ပြီးနောက် ဇွန်လ ၂၅ ရက်မှာ ပြစ်မှုကျူးလွန်သူ ရွှေထူး(ခ)အေးချမ်းကို ကျောက်ဖြူခရိုင်တရားရုံးက ရာဇသတ်ကြီး ပုဒ်မ-၃၀၂(၁)(ဂ)အရ ပြစ်မှုထင်ရှားတဲ့အတွက် အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ သေဒဏ်အမိန့်ကို ချမှတ်ခဲ့တာလို့ ကျောက်ဖြူခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကျော်ကျော်ဝင်းက ပြောပါတယ်။ သတင်း-နောင်နောင်
12 months Ago
Up